တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ လားရှိုး 

တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ လားရှိုး 
လားရှိုးမြို့တွင် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်အချို့ကို တွေ့ရစဉ်    - Photo: CJ
လားရှိုးမြို့တွင် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်အချို့ကို တွေ့ရစဉ်   - Photo: CJ
Published 4 August 2024

လမ်းတွေက လူတွေ မရှိတော့တာကြောင့် ခြောက်သွေ့နေတယ်။ လမ်းပေါ်မှာ လူတင်မက ကားတွေကလည်း တစ်စီးစ နှစ်စီးစက လွဲလို့ ဖြတ်သွားဖြတ်လာ မရှိတော့ပါဘူး။ အရင်တုန်းက လမ်းပေါ်မှာ ကားတွေ၊ လူတွေနဲ့ စည်းကားခဲ့တဲ့ မြို့လေးဟာ ခုတော့ သုသာန်ပြင်တစ်စလို ခြောက်ကပ်တိတ်ဆိတ်လို့ နေတယ်။ 

လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာလည်း လူမနေတော့တဲ့အိမ်တွေ၊ ပိတ်ထားတဲ့ စျေးဆိုင်တွေ၊ ကတ္တရာလမ်းကြီးကလည်း လူတွေရဲ့ ခြေသံတွေနဲ့ ကားသံတွေ မကြားရတော့တာကြောင့် အိပ်ငိုက်လို့နေတယ်။ လမ်းဘေးက သစ်ပင်ကြီးတွေကလည်း လူမရှိတော့တဲ့ မြို့မှာ ထီးထီးကြီးငေါထွက်နေတယ်။ လားရှိုးမှာ မိုးတွေ ရွာနေပေမဲ့လည်း အရင်လို မစိုပြေတော့ပါဘူး။ 

လမ်းပေါ်မှာ အိမ်ရှေ့တွေမှာ ဆိုင်ရှေ့တွေမှာ ရှင်းလင်းမယ့်သူ မရှိတာကြောင့် အမှိုက်တွေကလည်း မြင်မကောင်းအောင် ရှုပ်ပွနေတယ်။ မြို့ထဲမှာ ကျန်နေတဲ့ လူတွေကလည်း ကျီးလန့်စာ စားနေရတယ်။ မနက်ခင်း စျေးဖွင့်တဲ့အချိန်မှာ စျေးရောင်းသူတွေကလည်း ခပ်သွက်သွက်ရောင်း စျေးဝယ်သူတွေကလည်း ခပ်သုတ်သုတ်သွား ခပ်သုတ်သုတ်ဝယ် ခပ်သုတ်သုတ်ပြန်နေကြတယ်။ ကိုယ့်အိမ်ထဲ နေတာတောင် စိတ်မချရတော့ လမ်းပေါ်မှာဆို ဘယ်လိုမှ စိတ်ချလို့ မရဘူး။ 

ဒေသခံတွေရဲ့ မျက်နှာမှာ စိုးရိမ်မှုတွေက စွန်းပေနေတယ်။ ဒေသခံတွေရဲ့ မျက်လုံးတွေမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေကို အထင်သား မြင်နေရတယ်။ မြို့ရဲ့ တချို့နေရာတွေမှာ မီးခိုးတွေ အူနေတယ်။ မြို့ရဲ့ တချို့လမ်းမတွေမှာ အလောင်းတွေကို တွေ့ရတယ်။ မြို့ရဲ့ တချို့ရပ်ကွက်တွေမှာ ထိခိုက်ပျက်စီးပြီး ပြိုပျက်နေတဲ့ နေအိမ်အဆောက်အအုံတွေကို တွေ့ရတယ်။ နေ့စဉ်လိုလို မြို့ထဲမှာ ပစ်ခတ်သံတွေ၊ ပေါက်ကွဲသံတွေနဲ့ ဆူညံနေတယ်။ ဒီလိုအခြေအနေကို မြို့နေ ဒေသခံတွေ ကြုံတွေ့နေရတာ တစ်လနီးပါး ရှိနေပါပြီ။ 

လားရှိုးမြို့မှာ တိုက်ပွဲတွေ စဖြစ်ခဲ့တာ ဇူလိုင် ၃ ရက်ကပါ။ MNDAA အဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၃ ရက်မှာ လားရှိုးမြို့အနီးတစ်ဝိုက်ကို စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ လားရှိုးမြို့ကို MNDAA အဖွဲ့က တိုက်ခိုက်ရမှာ စစ်ဘက်ဆိုင်ရာနေရာတွေထက် သာမန်ပြည်သူတွေနေတဲ့နေရာတွေကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဇူလိုင် ၃ ရက် နံနက် ၄ နာရီက စပြီး လားရှိုးမြို့နဲ့ မိုင် ၂၀ ပတ်ချာလည်ဝန်းကျင်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေ့မှာပဲ နမ့်ပေါင်မှာ ပစ်ခတ်မှုတွေ ဖြစ်နေတာကြောင့် လားရှိုး-နမ့်ပေါင်ဘက် လမ်းပိုင်းကို ပိတ်လိုက်ပါတယ်။ ဟန်နားဘက်ကိုလည်း ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါ့အပြင် လားရှိုးမြို့ အဝင်အထွက်ကိုလည်း ယာယီပိတ်ခဲ့သလို လားရှိုးလေကြောင်း ခရီးစဉ်တွေကိုလည်း အကန့်အသတ်မရှိ ရပ်နားလိုက်ပါတယ်။ ဒါဟာ တိုက်ပွဲတွေ စဖြစ်တဲ့နေ့က လားရှိုးမြို့ရဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ နောက်နေ့တွေမှာတော့ လားရှိုးမြို့ လူနေရပ်ကွက်တွေထဲကို ရှော့တိုက်ဒုံးတွေ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ 

ဇူလိုင် ၅ ရက်မှာတော့ လားရှိုးမြို့ အဝင်အထွက်ကို ပြန်ဖွင့်ပေးခဲ့ပြီး စစ်ဘေးရှောင်သူတွေ အများအပြား ရှိခဲ့ပါတယ်။ ရှော့တိုက်ဒုံးတွေ လူနေရပ်ကွက်တွေထဲ ပိုကျလာလို့ မြို့ကို စွန့်ခွာသူတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်စစ်ရှောင်သူတွေ ပိုများလာပါတယ်။ ရှော့တိုက်ဒုံးတွေ လူနေရပ်ကွက်တွေထဲ ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး လူမှုကူညီရေးအသင်းတွေက လူနာတွေကို ဆေးကုသနိုင်ဖို့ သယ်ပို့ပေးခဲ့ရတယ်။ လားရှိုး - စဥ့်အင် - ပန်ညု- နမ့်လန် - ကျောက်ဂူ - နောင်ချို - ဘန့်ဘွေး- ပြင်ဦးလွင် - မန္တလေးလမ်းအတိုင်း စစ်ဘေးရှောင်မှုတွေ ရှိလာပါတယ်။ အဲဒီနေ့မှာပဲ လားရှိုးမြို့က အစိုးရရုံးအများစုကို ပိတ်လိုက်ပါတယ်။ 

ဇူလိုင် ၆ ရက်မှာတော့ လားရှိုးမြို့မှာ ရှိတဲ့ စက်သုံးဆီဆိုင် အများစု ပိတ်သွားပြီး ဆိုင်တချို့သာ ဖွင့်ပါတယ်။ စျေးကြီးတွေလည်း ပိတ်သလို အခြားသောဆိုင်တွေလည်း ပိတ်ထားကြပါတယ်။ ဒီနေ့မှာလည်း အလံဖြူလွှင့်ထားတဲ့ စစ်ဘေးရှောင်ကားတွေနဲ့ ဆိုင်ကယ်တွေ ပိုများလာတာကို တွေ့ရတယ်။ 

ဇူလိုင် ၇ ရက်က အထက်မန်အိုင်ဘက်မှာတော့ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုတွေ များတာကြောင့် အဲဒီဘက်က ဒေသခံတွေ မြို့ထဲကို လာရောက်စစ်ရှောင်မှုတွေ ရှိခဲ့တယ်။ ဇူလိုင် ၈ ရက်မှာတော့ လားရှိုးမြို့ မယ်ဟန်ဂိတ်ကနေ မုခ်ဦးအထိ စစ်ဘေးရှောင်ကြတဲ့ ကားအစီးရေ ထောင်ချီပြီး ပိတ်မိနေပါတယ်။ ပြည်ထောင်စုလမ်းမကြီး နောင်မွန်ရွာအနီးမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဇူလိုင် ၉ ရက်မှာ ထူးထူးခြားခြား မရှိခဲ့ပေမဲ့ ဇူလိုင် ၁၀ ရက်မှာတော့ နေရာပေါင်းစုံကနေ ပစ်လွှတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေက လားရှိုးမြို့ထဲ အရပ်ဖက်နေရာတွေကို ကျတာများပြီး တစ်နေ့လုံး ပေါက်ကွဲမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ရပ်ကွက် (၉) က လူနေရပ်ကွက်တွေထဲ ရှော့တိုက်ဒုံးတွေကျလို့ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့သလို လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုတဲ့ စကားအတိုင်း လူနေရပ်ကွက်တွေထဲမှာ ညရောက်ရင် အိမ်ဖောက်ထွင်းခံရမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"မိုးအေးအေးနဲ့ အိပ်ကောင်းနေတုန်း သူခိုးက အိမ်ထဲရောက်နေပြီ။ ဖုန်းတစ်လုံးနဲ့ ဆွဲကြိုးလေးတစ်ကုံးတော့ ပါသွားလေရဲ့။ နိုးလာတော့ ထွက်ပြေးပါလေရော။ 

သူခိုးက အတွေ့အကြုံဘယ်လောက်များနေလဲဆို အိမ်ရှင်တွေနိုးလာရင် အိမ်ခန်းထဲက ထွက်မရအောင် အပြင်က ဂျက်ထိုးထားလိုက်သေးတယ်။ အသံကြားလို့ အိမ်ခန်းတံခါးဖွင့်တာ အပြင်က ဂျက်ထိုးထားတော့ ဖွင့်မရဘူး။ တံခါးကို တွန်းလိုက်တဲ့အချိန် သူလဲထွက်ပြေးတာ ခြံဝင်းတံခါးနားမှာ ပိုက်ဆံအိတ်ကျခဲ့သေးတယ်။ ကံကောင်းတာက ပိုက်ဆံအိတ်ထဲ မှတ်ပုံတင်တွေထည့်ထားတာ ကံကောင်းလို့ ပါမသွားဘူး။ ကလေးစက်ဘီးတောင် ယူသွားဖို့ ခြံထောင့်မှာ ရောက်နေတယ်"လို့ လားရှိုးဒေသခံ ကိုနေမျိုးက သူ့တွေ့ကြုံရပုံကို ပြောပါတယ်။ 

စက်သုံးဆီဆိုင်တွေလည်း ပိတ်ကုန်တဲ့အတွက် ဆီပြတ်လပ်မှုနဲ့ ဆီးစျေးကြီးမြင့်လာမှုတွေ ရှိသလို ဖုန်းလိုင်းတွေကလည်း ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။ ညပိုင်းမှာတော့ လားရှိုးမြို့ အရှေ့ဘက်က ဟူးမွန်၊ ဂျာမန်ရွာ၊ လွယ်ပြေဘက်မှာ ပစ်ခတ်သံတွေ ခပ်စိတ်စိတ်ကြားရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင် ၁၁ ရက်မှာလည်း လားရှိုးမြို့မှာ လက်နက်ကြီး ပစ်ခတ်သံတွေ တစ်ချက်တစ်ချက် ကြားရတာကလွဲပြီး ငြိမ်နေပါတယ်။ မြို့ထဲမှာတော့ လူအသွားအလာ ရှင်းနေတယ်။ ဆိုင်တွေလဲ သိပ်မဖွင့်ကြပါဘူး။ လားရှိုးပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာန(OPD)မှာတော့ အကြောင်းအမျိုးမျိုးကြောင့် လာရောက်ဆေးကုသသူတွေ၊ ထိခိုက်ဒဏ်ရာရလူနာတွေ၊ မွေးလူနာတချို့က ရောက်ရှိနေတယ်။ 

ဇူလိုင် ၁၂ မှာ လားရှိုးမြို့ ချယ်ရီမြိုင်ဘက်နဲ့ ပါရမီဘက်ကို ရှော့တိုက်ဒုံးတွေ ကျတာများတယ်လို့ သိရပါတယ်။ တိုက်ပွဲရက်ရှည်လာတာနဲ့အမျှ လားရှိုးမြို့ခံတွေဟာ စားရေးသောက်ရေး ခက်ခဲမှုတွေ ရှိလာတဲ့အတွက် လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီး လှူဒါန်းမှုတွေ ပြုလုပ်လာရပါတယ်။ 

ဇူလိုင် ၁၄ ရက်မှာတော့ တစ်နေ့လုံး လားရှိုးမြို့ပတ်ပတ်လည်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ၊ သေနတ်ပစ်ခတ်သံတွေက ဆူညံနေပါတယ်။ ရပ်ကွက် (၇) လွယ်ပြေဘက်မှာ ပစ်ခတ်သံတွေ အဆက်မပြတ်ကြားနေရပါတယ်။ အဲဒီနေ့မှာပဲ MNDAA အဖွဲဲ့က ဇူလိုင် ၁၅ ရက်ကနေ ၁၈ ရက်အထိ ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ထိုသို့ ထုတ်ပြန်ခဲ့ပေမဲ့လည်း လားရှိုးမြို့တွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုတွေနဲ့ ရှော့တိုက်ဒုံးတွေကို နေ့စဉ်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ဇူလိုင် ၁၆ ရက်မှာ ဟိုပိတ်ဘက်နဲ့  ၅၀၇ ကုန်းဘက်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ခတ်သံတွေနဲ့ သေနတ်သံတွေကို ကြားနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဇူလိုင် ၁၇ ရက်မှာ လားရှိုးမြို့ထဲ ပစ်ခတ်သံတွေ ငြိမ်သက်နေပေမဲ့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ အဆင်မပြေတဲ့အတွက် ဆက်သွယ်ရ ခက်ခဲလာပါတယ်။ ဇူလိုင် ၁၈ ရက် မနက်မှာတော့  လားရှိုးမြို့ထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲသံတွေ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဇူလိုင် ၁၉ ရက် လားရှိုးမြို့ နေရာအတော်များများမှာ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ လိုင်းကျနေပြီး Kpay လည်း ထုတ်မရတော့ပါဘူး။ မြို့ရဲ့ အနီးအနားဝန်းကျင်မှာလည်း လက်နက်ကြီးပေါက်ကွဲသံတွေ ဆူညံနေပါတယ်။ ရွှေတောင်ကြားနဲ့ ကားကွင်းအပေါ်ဘက် ချယ်ရီမြိုင်အတွင်းဘက်ကနေ ပစ်ခတ်သံတွေ ကြားရတယ်။ ၄၁ တပ်ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ 

ဝါဝင်ပြီးဖြစ်ပေမဲ့ လားရှိုးမြို့က ရဟန်း သံဃာတော်တွေဟာ စစ်ဘေးရှောင်နေရပါတယ်။ မြို့အထွက် နားမခေါ်ဘက်မှာ ပစ်ခတ်မှုဖြစ်လို့ စစ်ရှောင်သွားမယ့် သံဃာတော်တွေရဲ့ ယာဉ်တန်းလည်း ပြန်လှည့်လာရတယ်။ လားရှိုးမြို့ ဘုန်းကြီးကျောင်းတိုင်းလိုလိုက ရဟန်း သံဃာတော်တွေ စစ်ရှောင်နေရပါတယ်။ 

ဇူလိုင် ၂၀ ရက်မှာလည်း မနေ့ကလိုပါပဲ ၄၁ တပ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်။ လက်နက်ကြီး/လက်နက်ငယ် ပစ်သံတွေ တစ်နေ့လုံး ဆူညံနေပါတယ်။ ပစ်ခတ်မှုဖြစ်ပွားနေတဲ့ အနီးအနားက ပြည်သူတွေကတော့ ဘေးလွတ်ရာ ပြေးရတယ်။ ကောင်းကင်မှာတော့ ဒရုန်းတွေ ဝဲနေတာတွေ့ရသလို ဒရုန်းတွေဆီက လက်နက်ကြီးပေါက်ကွဲသံတွေကြောင့် အနီးအနားက အိမ်တွေဟာလည်း တုန်ခါနေပါတယ်။ 

ဇူလိုင် ၂၁ ရက်မှာတော့ မနက် ၄ နာရီကစပြီး ရပ်ကွက် (၅) ၅၀၇ ကုန်း၊ ရပ်ကွက်(၄) ရေကန်တောင်နဲ့ သစ်တောရုံးအပေါ်ဘက်၊ ရပ်ကွက်(၁) နားမခေါ်၊ ရွှေတောင်ကြား၊ ချယ်ရီမြိုင်၊ နယ်မြေ (၈) ဘက်တွေမှာ ပစ်ခတ်မှု ပြင်းထန်နေပါတယ်။ နေ့လယ်ပိုင်းမှာ  ရပ်ကွက် (၁) ချယ်ရီမြိုင်ကိုကျော်ပြီး ရန်တိုင်းအောင် အနောက်ဘက်အထိ ပစ်ခတ်မှုတွေ ဖြစ်နေပါတယ်။ လူနေရပ်ကွက်ထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲလို့ နားမခေါ်၊ ချယ်ရီမြိုင်နဲ့ နယ်မြေ (၈) ဘက်က အိမ်တွေ အများစု ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ရတယ်။ 

အထပ်မြင့် အဆောက်အအုံတချို့မှာ MNDAA အဖွဲ့က လက်နက်ကိုင်တွေ ဝင်ရောက်လာလို့ အိမ်ရှင်တွေ ရှောင်ပြေးနေရတယ်။ နားမခေါ်ဘက်က အထပ်မြင့် အဆောက်အအုံတွေကတော့ လက်နက်ကြီး ထိမှန်မှုကို အများဆုံးခံရပါတယ်။ မွန်းလွဲပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပါပဲ။ 

လားရှိုးမြို့ကနေ တခြားဒေသကို သွားမယ့်အဖွဲ့တွေလည်း ထွက်မရပါဘူး။ ၄၁ ကုန်းနဲ့ နားမခေါ်ဘက် အပြန်အလှန်ပစ်နေကြလို့ အရဲစွန့်ပြီးသွားတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ ပြန်လှည့်လာရတယ်။ ရပ်ကွက်(၄) သစ်တောရုံးအနောက်ကုန်းဘက်လဲ အိမ်တွေပျက်စီးတာများသလို အဲဒီဘက်က လူတွေလည်း ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ရတယ်။ 

ဇူလိုင် ၂၂ ရက်မှာတော့ ရေကန်တောင် ဆုတောင်းပြည့်အောက်ဘက် ၅၂၂ နဲ့ ၄၁ တစ်ကြော ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ပေမဲ့ တခြားနေရာတွေမှာတော့ ငြိမ်နေပါတယ်။

ဇူလိုင် ၂၃ ရက်မှာတော့ စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီ၊ ကြက်ဥနဲ့ ကုန်စိမ်းတွေ ဝယ်ရခက်နေသလို သွားဖို့လာဖို့လဲ အခက်အခဲ ရှိလာပါတယ်။ ပစ်ခတ်မှုတွေ ဖြစ်နေလို့ တချို့နေရာတွေမှာ ပိတ်မိနေတဲ့လူတွေ အများကြီးကျန်နေသေးတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။ လက်နက်ကြီးပစ်သံတွေနဲ့ သေနတ်သံတွေကတော့ ရပ်ကွက်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅) နဲ့ (၆) ဘက်မှာ ခပ်စိပ်စိပ်ကြားနေရတယ်။ စစ်ဘေးရှောင်သူတွေလည်း စစ်ရှောင်စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ရောက်နေကြပြီ။ 

ဇူလိုင် ၂၄ ရက်မှာ မနက်မိုးလင်းတာနဲ့ ပစ်ခတ်သံတွေကို စကြားရတယ်။ ရပ်ကွက်(၄) အမှတ် (၁၉) ကျောင်းဘက်မှာ ပစ်နေတယ်။  ရပ်ကွက် (၁) ရန်တိုင်းအောင် အနောက်ဘက်၊ အေးချမ်းသာယာဓမ္မာရုံ အနောက်ဘက်နဲ့ ရဲဘော်ဟောင်းဘက်မှာ ပစ်ခတ်မှုတွေ ဖြစ်နေသလို ၆၈ တပ်ဘက်မှာလည်း နှစ်ဘက် ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ 

 

လားရှိုးမြို့ကနေ ထွက်မယ့်လူတွေအတွက် အထွက်ကို အချိန်နဲ့ခွင့်ပြုထားပေးထားပေမဲ့ အဝင်ကိုတော့ ခွင့်မပြုတော့ပါဘူး။ ဈေးဆိုင်ကြီးတွေ အများစု ပိတ်ကုန်သလို ဆေးဆိုင်တွေလည်း ပိတ်ထားပါတယ်။ ဆေးရုံကြီး OPD ဖွင့်ထားပေမဲ့ လုံခြုံရေးနဲ့ ကားအခက်အခဲ​ကြောင့် ထိခိုက်ဒဏ်ရာရလူနာတွေကို ကူညီသယ်ပေးဖို့ အဆင်မပြေဘူးလို့ လူမှုကူညီရေးအသင်းတွေက ဆိုပါတယ်။ 

ညနေပိုင်းမှာလည်း ရပ်ကွက် (၄) ရေကန်လမ်းနဲ့ ခိုင်ရွှေဝါလမ်းဘက် ပစ်ခတ်မှုတွေ ဆက်ဖြစ်နေသလို ရပ်ကွက်(၁) မြို့နယ်လဝကရုံးအောက်ဘက် အေးချမ်းသာယာဓမ္မာရုံဘက်မှာလည်း ပစ်ခတ်မှုတွေ ဆက်ဖြစ်နေပါတယ်။ ရပ်ကွက် (၅) အောင်မင်္ဂလာဈေးလမ်းနဲ့ ဘုံကျောင်းလမ်းကြား၊ ၃၉ လမ်းအနီးမှာ လက်နက်ကြီးကျလို့ အိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

ဇူလိုင် ၂၅ ရက်မှာလည်း မိုးလင်းတာနဲ့ ပစ်ခတ်သံတွေ ကြားနေရပြီး မြို့ထဲအထိ အသံတွေက နီးကပ်လာပါတယ်။ မြို့ထဲကလူတွေလဲ ဘေးလွတ်ရာနေရာတွေနဲ့ ဘုန်းကြီးကျောင်းတွေဘက် ရှောင်ခဲ့ရတယ်။ မန်ဆူနဲ့ ဟူးမွန်ကြား အဝေယျာလမ်းအတွင်းပိုင်းမှာ ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ မြို့ပတ်ပတ်လည်မှာ ပစ်နေကြလို့ လူတွေလည်း ဘေးလွတ်မယ်ထင်တဲ့နေရာတွေကို ပြေးရှောင်နေကြရတယ်။ မိုင်တဲလ်ရုံးအနီးမှာလည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေသလို အဲဒီနားမှာ လက်နက်ကြီးကျပြီး အိမ်တစ်လုံး မီးလောင်ခဲ့တယ်။ 

ဇူလိုင် ၂၆ ရက် နံနက် ၄ နာရီကစလို့ မြို့တော်ခန်းမနဲ့ ရဲစခန်းဘက်ကို ဒရုန်းတွေ ဝဲပျံလာပြီး Drop Bomb တွေ ကြဲချခဲ့တယ်။ ဒီလိုကြဲချတာတောင် မြို့တော်ခန်းမကြီးက ရုပ်ပျက်ဆင်းပျက် ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဆိုတယ်။ ဒါ့အပြင် ဗုံးဒဏ်တွေကြောင့် ရပ်ကွက် (၁)၊ နယ်မြေ (၈) ဘက်နဲ့ ရပ်ကွက် (၄) ဗမာကုန်းဘက်က နေအိမ်တွေ မီးလောင်ခဲ့ပေမဲ့ ၀ိုင်းပြီး မီးငြိှမ်းမယ့်သူ မရှိပါဘူး။ 

"ပျက်စီးဆုံးရှုံးမှုတွေ အနိဋ္ဌာရုံမြင်ကွင်းတွေကတော့ လမ်းတိုင်းမှာတွေ့မြင်ရတယ်။ မြို့ကျက်သရေဆောင်ခန်းမလို့သိကြတဲ့ မြို့တော်ခန်းမကြီးလဲ Drop bomb ဒဏ်ကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီ။ ကျည်ဆံရာ မရှိတဲ့အဆောက်အဦတွေကလည်း မရှိသလောက်ပဲ။ ဗုံးဒဏ်ကြောင့် ရပ်ကွက်ထဲက အိမ်တွေ မီးလောင်တာလဲ မနည်းဘူး။ မီးလောင်နေပေမဲ့ ဒီအချိန်မှာ မီးငြိမ်းပေးတဲ့သူတွေ မရှိတော့ပါဘူး"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

သိန္နီလမ်း၊ ရပ်ကွက်(၈) မိခင်နှင့်ကလေးရုံးအောက်နားက ဝိုင်ဖိုင်ရလို့ လူတွေစုပြီး လိုင်းသွားသုံးနေကြတဲ့ နေရာကို ရှော့တိုက်ဒုံး ကျပြီး ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရသူတွေ သေဆုံးသူတွေလည်း ရှိခဲ့တယ်။

မိုင်တဲလ်ရုံးဘက်နဲ့ ကြက်ခြေနီရုံးထောင့်အထိ ပစ်ခတ်သံတွေ ဆူညံနေတာကြောင့် ကြက်ခြေနီအဖွဲ့လည်း လားရှိုးမြို့ကနေ ထွက်ခွာသွားပါတယ်။ လားရှိုးမြို့မှာ ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေလည်း ပစ်ခတ်ခံရတာကြောင့် လူမှုကူညီရေးအဖွဲ့ အများစုကလည်း မရှိကြတော့ပါဘူး။

 

လက်ရှိမှာ နာရေးကူညီမှုအသင်းတွေလည်း ရှောင်ကုန်ပြီတဲ့အတွက် တစ်ခုခုဆို ကိုယ့်အစီအစဉ်နဲ့ကိုယ် သင်္ဂြိုဟ်နေရတယ်။ ကြာကန်သချိုင်းကို ပို့လို့အဆင်မပြေတော့ ဒေသခံတွေ ဒုက္ခရောက်နေရတယ်။ 

 

ဇူလိုင် ၂၇ ရက် ညနေမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဘက်နဲ့ ၆၂၆ ဘက်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ လားရှိုးမြို့ထဲမှာတော့ ရှော့တိုက်ဒုံးကျလို့ လူသေဆုံးတာတွေ အိမ်မီးလောင်တာတွေလည်း ဖြစ်နေတုန်းပါပဲ။ 

မြို့ထဲမှာတော့ အသံငြိမ်နေပြီး သိန္နီလမ်းဘက်၊ အေတီဘက်၊ ထောင်ကြီးဘက်တွေမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဇူလိုင် ၂၉ ရက်မှာလည်း လားရှိုးမြို့မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဘူတာဘက်တကြော၊ သာသနာ (၂၅၀၀) တောင်ခြေတစ်ဝိုက်၊ ရပ်ကွက် (၈) သိန္နီလမ်းဘက်နဲ့ လားရှိုးကြီးဘက်တွေမှာ ပစ်ခတ်သံတွေ ကြားနေရသလို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဘက်မှာလည်း ပစ်ခတ်မှုတွေ ပြင်းထန်နေပါတယ်။ 

ပစ်ခတ်မှုဖြစ်နေတဲ့ ရပ်ကွက်တွေမှာ အိမ်ထဲမှာ ပိတ်မိနေသူတွေနဲ့ ပုန်းနေသူတွေရှိတဲ့ဘက် လက်နက်ကြီးကျလို့ သေဆုံးတာတွေလဲ နေ့စဉ်ဖြစ်နေပါတယ်။ သင်္ဂြိုဟ်ဖို့ အကူအညီမရလို့ ဒီတိုင်းပစ်ထားရတဲ့အလောင်းတွေလည်း ရှိနေတယ် လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက ဆိုပါတယ်။ 

ဒီလိုတိုက်ခိုက်မှုတွေကြောင့် လက်ရှိမှာတော့ လားရှိုးမြို့ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးပျက်စီးခဲ့ရသလို ဘာသာရေးအဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ စာသင်ကျောင်းတွေလည်း ထိခိုက်ပျက်စီးခဲ့ရတယ်။ 

လားရှိုးမြို့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဇူလိုင် ၃ ရက်ကနေ ၂၇ ရက်အထိ ကလေးငယ် ငါးဦး အပါအဝင် ပြည်သူ ၃၀ သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ နစကဘက်က ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အဆိုအရတော့ ဇူလိုင် ၃၁ ရက်အထိ လားရှိုးမြို့မှာ အရပ်သားပြည်သူ ၁၃၃ ဦး သေဆုံးပြီး ၁၇၀ လောက် ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။ 

ဇူလိုင် ၃၁ ရက်အထိ တိုက်ပွဲတွေကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ် ၁၀၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ 

အခုတော့ လားရှိုးမြို့လေးက လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရပါပြီ။ တကယ်လို့ တိုက်ပွဲတွေ ပြီးသွားရင်တောင် ဒေသခံတွေအနေနဲ့ လားရှိုးမြို့ကို အရင်လိုအကောင်းအတိုင်း ပြန်ရဖို့ မရှိပါဘူး။ အရင်က အေးချမ်းပြီး သာယာလှပခဲ့တဲ့ တောင်ပေါ်လားရှိုးမြို့လေးကိုတော့ ဒေသခံတွေက လွမ်းနေကြတော့မှာ အသေအချာပါပဲ။ 

Most Read

Most Recent