ဆူဒန်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးသည် ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ ပြောကြား

ဆူဒန်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကပ်ဘေးသည် ဒေသတစ်ခုလုံးကို ခြိမ်းခြောက်နေကြောင်း ကုလသမဂ္ဂ ပြောကြား
ဇူလိုင် ၂၈ ရက်က ဆူဒန်နိုင်ငံ ဂျီဒါရက်ဖ်မြို့တွင် ဆူဒန်စစ်တပ်နှင့် ဆက်နွှယ်သော လုံခြုံရေး ပူးပေါင်းအဖွဲ့ဝင်များက စစ်ရေးပြပွဲတစ်ခုတွင် ပါဝင်ရန် ပြင်ဆင်နေစဉ်(Photo: AFP)
ဇူလိုင် ၂၈ ရက်က ဆူဒန်နိုင်ငံ ဂျီဒါရက်ဖ်မြို့တွင် ဆူဒန်စစ်တပ်နှင့် ဆက်နွှယ်သော လုံခြုံရေး ပူးပေါင်းအဖွဲ့ဝင်များက စစ်ရေးပြပွဲတစ်ခုတွင် ပါဝင်ရန် ပြင်ဆင်နေစဉ်(Photo: AFP)
Published 3 August 2024

ပဋိပက္ခဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံရှိ မြောက်ဒါဖာဒေသတွင် အငတ်ဘေးဆိုက်နေကြောင်း ကြေညာခဲ့ပြီးနောက် ဆူဒန်၏လူသားချင်းစာနာထောက်ထားမှုကပ်ဘေးသည် ဒေသတစ်ခုလုံးကို လွှမ်းမိုးရန် ခြိမ်းခြောက်လျက်ရှိကြောင်း ကုလသမဂ္ဂက သြဂုတ် ၂ ရက်တွင် သတိပေးပြောကြားခဲ့သည်။

စစ်တပ်နှင့် အရန်တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားသည့်စစ်ပွဲသည် ဝန်းရံခံထားရသော အယ်ဖက်ရှာမြို့အနီးရှိ ဇမ်ဇမ်ဒုက္ခသည်စခန်းကို အငတ်ဘေးဆိုက်စေခဲ့ကြောင်း ကုလသမဂ္ဂကျောထောက်နောက်ခံပြု ပေါင်းစည်း ထားသော စားနပ်ရိက္ခာဖူလုံမှုအဆင့်အမျိုး အစားခွဲခြားခြင်း(IPC)ပြန်လည်သုံးသပ်မှုတွင် သြဂုတ် ၁ ရက်၌ဖော်ပြထားသည်။

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR က ဆူဒန်အတွက် ထောက်ပံ့မှုများကို တိုးမြှင့်ပေးရန် နိုင်ငံတကာအလှူရှင်များကို တိုက်တွန်းခဲ့သည်။

ဆူဒန်တွင် ၂၀၂၃ ခုနှစ် ဧပြီလကတည်းက ဖြစ်ပွားသည့် ပြည်တွင်းစစ်ကြောင့်လူ ပေါင်းသောင်းချီသေဆုံးခဲ့ကြသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

“အဲဒီနေရာမှာ(မြောက်ဒါဖာ)သတိပေးချက်တွေကို လပေါင်းများစွာကြာ ထုတ်ထားခဲ့တာပါ”ဟု UNHCR ၏ ဆူဒန်အခြေအနေဆိုင်ရာ ဒေသတွင်းဒုက္ခသည်အရေးညှိနှိုင်းရေးမှူး မာမာဒူဒိုင်ယန်ဘယ်ဒီကပြောကြား ခဲ့သည်။

“ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အမျိုးသားတွေဟာ ဆာလောင်မှု၊ အာဟာရချို့တဲ့မှုနဲ့ ရောဂါတွေကြောင့်သေ အံ့ဆဲဆဲဖြစ်နေပါတယ်”ဟု ၎င်းကဆိုသည်။

“လွန်ခဲ့တဲ့နှစ် စစ်ပွဲစတင်ဖြစ်ပွားချိန်ကတည်းက စိတ်ပျက်ဖွယ်လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူ ၁၀ သန်းကျော်ကို ရွှေ့ပြောင်းနေထိုင်မှု ဖြစ်စေတဲ့အပြင် လူဦးရေရဲ့ ပမာဏအများအပြားကို အခြေခံဝန်ဆောင် မှုတွေ ပြတ်လပ်စေတာတွေကြောင့် ကမ္ဘာ့အဖိနှိပ်ဆုံး လူသားချင်းစာနာထောက်ထားမှု ကပ်ဘေးကို နေ့စဉ်နဲ့အမျှ ပိုမိုကြီးထွားလာစေပြီး နက်နဲလာစေပါတယ်။ဒီကပ်ဘေးဟာ ဒေသတစ်ခုလုံးကို လွှမ်းမိုးလာစေဖို့ခြိမ်းခြောက်နေပါတယ်”ဟုဆိုသည်။

ဘယ်ဒီသည် UNHCR ၏ အာဖရိက အရှေ့နှင့် ဦးချိုဒေသအပြင် Great Lakes ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးတစ်ဦးလည်း ဖြစ်သည်။ ဒုက္ခသည်ပမာဏ အများအပြားနှင့်ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများသည် လက်ခံနိုင်ငံများ၏ သတ်မှတ်အတိုင်းအတာပမာဏကို ပိုမိုဆန့်ကားစေသည်ဟု ၎င်းကဆိုသည်။

“သေဆုံးမှုတွေနဲ့ ဒုက္ခတွေဒီထက်ပိုပြီး မများလာအောင် အရေးတကြီးတုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်”ဟု၎င်းက ပြောကြားခဲ့သည်။

IPC က လူ သုံးသိန်းကျော်နေထိုင်သည့် ဇမ်ဇမ်ရွှေ့ပြောင်းနေထိုင်သူများစခန်း၏အခြေအနေကို ကောက်ချက်ချသုံးသပ်ခဲ့သော်လည်း ဒါဖာမြို့တွင်းနှင့်အခြားနေရာများအပါအဝင် ဆူဒန်၏ အခြားဒေသများတွင်အငတ်ဘေး ဆိုက်ရောက်နိုင်သည့်အလားအလာရှိနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတိပေးခဲ့သည်။

လူ ၂၆ သန်းနီးပါး သို့မဟုတ် လူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်သည် စားနပ်ရိက္ခာ ဖူလုံမှုမရှိသည့်အမြင့်ဆုံးအဆင့်နှင့် ရင်ဆိုင်နေရသည်ဟု လတ်တလောကုလသမဂ္ဂကျောထောက်နောက်ခံပြု အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

ဘယ်ဒီက စစ်ပွဲအဆုံးသတ်ရန်တောင်းဆိုခဲ့သည့်အပြင် လူ့အသက်များကိုကယ်တင်နိုင်သည့် လူသားချင်းစာနာထောက်ထား မှုအကူအညီများပေးပို့ခွင့်ပြုရန်လည်းတောင်းဆိုခဲ့သည်။

“ဆူဒန်ပြည်သူတွေ အခုကြုံတွေ့နေရ တဲ့ဒုက္ခတွေတောင် အတော်များလှပါပြီ”ဟု ဘယ်ဒီက ပြောကြားခဲ့သည်။       Ref: AFP

Most Read

Most Recent