ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံတစ်ဝန်း လူထုဆန္ဒပြမှုပြုလုပ်ရန် ကျောင်းသားခေါင်းဆောင်များက လှုံ့ဆော်

ဘင်္ဂလားဒေ့ရှ်တွင် နိုင်ငံတစ်ဝန်း လူထုဆန္ဒပြမှုပြုလုပ်ရန် ကျောင်းသားခေါင်းဆောင်များက လှုံ့ဆော်
သြဂုတ် ၂ ရက်က ဒါကာမြို့တော် အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူများကို တွေ့ရစဉ်
သြဂုတ် ၂ ရက်က ဒါကာမြို့တော် အစိုးရဆန့်ကျင်သည့် ဆန္ဒပြသူများကို တွေ့ရစဉ်
Published 3 August 2024

ဘင်္ဂလားဒေ့ရှ်တွင် ဆန္ဒပြသူများအပေါ်ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းမှုမှုကြောင့် နိုင်ငံရေးအရဝေဖန်မှုများကို ပြေလျော့စေ ရန် ဝန်ကြီးချုပ် ရှိတ်ဟာစီနာအစိုးရအဖွဲ့က ကြိုးပမ်းနေရချိန်တွင် နိုင်ငံတစ်ဝန်းအာဏာ ဖီဆန်သည့် လူထုဆန္ဒပြမှုများကို လုပ်ဆောင်ရန် ကျောင်းသားခေါင်းဆောင်များက သြဂုတ် ၃ ရက်တွင် စည်းရုံးလှုံ့ဆော်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရအလုပ်အကိုင်ခွဲတမ်းချမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှုများနှင့် ဆူပူအုံကြွမှုများကြောင့် ပြီးခဲ့သည့် လအတွင်း လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ကာ ထိုဖြစ်စဉ်သည် ဟာစီနာ၏ ၁၅ နှစ်သက်တမ်း ကာလတွင် အဆုံးရွားဆုံးဆူပူအုံကြွမှုဖြစ်စဉ် ဖြစ်ခဲ့သည်။

တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်စစ်သားများကို ဖြန့်ကြက်ချထားခဲ့သော်လည်း မွတ်ဆလင်အများစုနေထိုင်သည့် ဘင်္ဂလားဒေ့ရှ်တွင် သောကြာနေ့ ဘုရားဝတ်ပြုပြီးနောက် လူပေါင်းများစွာ လမ်းများပေါ်သို့ ထွက်လာခဲ့ကြသည်။

ဆန္ဒပြမှုကို ဦးဆောင်ပြုလုပ်သည့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေးကျောင်းသားများအဖွဲ့က အမိန့်မနာခံရေးလှုပ်ရှားမှုကို သြဂုတ် ၄ ရက်မှစပြီး လုပ်ဆောင်သွားရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။

“အမိန့်မနာခံရေးလှုပ်ရှားမှုတွေထဲမှာ အခွန်တွေ၊ မီတာခတွေ၊ ရေဖိုးတွေမပေးဆောင်တာတွေ၊ အစိုးရဝန်ထမ်းတွေ ရုံးမတက်တာတွေ၊ ဘဏ်တွေကတစ်ဆင့် ပြည်ပက ငွေလွှဲတာတွေကို ရပ်နားပစ်တာတွေပါ ဝင်ပါတယ်”ဟု ဆန္ဒပြကျောင်းသားအဖွဲ့မှ အဆစ်မာမွတ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ထို့ပြင် ပြည်သူများအနေဖြင့် လမ်းများပေါ်ထွက်ပြီး ဆန္ဒပြကြရန်လည်း မာမွတ်က ၎၏ Facebook အကောင့်မှတစ်ဆင့် စည်းရုံးလှုံ့ဆော်ခဲ့သည်။

ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှုများအတွက် ဟာစီနာကို လူသိရှင်ကြား ပြန်လည်တောင်းပန်ရန်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့ကို ရာထူးမှထုတ်ပယ်ရန် ကျောင်းသားများက တောင်းဆိုနေကြသည်။

ထို့ပြင်ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့်လကတည်းက ပိတ်ထားခဲ့သည့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများနှင့် တက္ကသိုလ်များကိုလည်း ပြန်ဖွင့်ပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် အစိုးရ အလုပ်အကိုင်များ ခွဲတမ်းချသည့် စနစ်ကိုပြန်လည် ကျင့်သုံးခဲ့မှုနှင့်ပတ်သက်ပြီး ဇူလိုင်လအစောပိုင်းကတည်းက ဆန္ဒပြမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုစနစ်အရ လစာကောင်းသည့် အစိုးရဝန်ထမ်းနေရာစုစုပေါင်း၏ ထက်ဝက်ကျော်ဖြစ်သည့် သောင်းနှင့်ချီသည့် ဝန်ထမ်းနေရာများကို ၁၉၇၁ ခု နှစ်က ပါကစ္စတန်နှင့်ဖြစ်ပွားသည့် ဘင်္ဂလား ဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲ အတွင်းမှ စစ်မှုထမ်းဟောင်းများ၏ ကလေးများပါဝင်သည့် အထူးအုပ်စုအတွက် လျာထားခြင်းဖြစ်ကာ ထိုစနစ်ကို ဖျက်သိမ်းပေးရန် ကျောင်းသားများက တောင်းဆိုခဲ့သည်။

ထို့နောက် တရားရုံးချုပ်က အလုပ်အကိုင်ခွဲတမ်းစနစ်တွင် အစိုးရ၏အလုပ်အ ကိုင်များခွဲတမ်းချမှုအရေအတွက်ကို လျှော့ချခဲ့သဖြင့် ဆန္ဒပြမှုများ ရပ်တန့်ခဲ့သည်။

သို့သော်ပြီးခဲ့သည့် ရက်ပိုင်းတွင် ဆန္ဒပြမှုများ ပြန်လည်ဖြစ်ပွားလာခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများက အစိုးရကို လူသိရှင်ကြား ပြန်လည်တောင်းပန်ရန်နှင့် တောင်းဆိုခဲ့ကာ ယခုအခါတွင် အမိန့်မနာခံရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ကြရန် ကျောင်းသားခေါင်း ဆောင်များက စည်းရုံးလှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။                                

Ref: AFP

Most Read

Most Recent