ပါရီအိုလံပစ် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၌ ရှုံးနိမ့်ပြီးနောက် ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး၏ ကစားသမားဘဝ အဆုံးသတ်

ပါရီအိုလံပစ် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ၌ ရှုံးနိမ့်ပြီးနောက် ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး၏ ကစားသမားဘဝ အဆုံးသတ်
Photo: ATP Tour
Photo: ATP Tour
Published 3 August 2024

 

ပါရီအိုလံပစ် အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ရှုံးပွဲကြုံတွေ့ခဲ့ပြီးနောက် ၀ါရင့်ဗြိတိန်တင်းနစ်သမား အန်ဒီမာရေး၏ ကစားသမားဘဝ အဆုံးသတ်သွားပြီဖြစ်ကြောင်း သိရသည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သူ မာရေးသည် ပါရီအိုလံပစ်ပြိုင်ပွဲတွင် ဗြိတိန်ကစားသမား ဒန်အီဗန်စ်နှင့်တွဲဖက်၍ အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှာ ကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲဖြစ်ကြောင်း ကြိုတင်ပြောကြားထားသည်။ မာရေးနှင့် အီဗန်စ်အတွဲသည် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အမေရိကန်ကစားသမား တေလာဖရစ်ဇ်နှင့် တွမ်မီပေါလ်အတွဲ (ဆီဒင် ၃) နှင့် ယှဉ်ပြိုင်ခဲ့ရပြီး ၆-၂၊ ၆-၄ ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။

ဆာဘွဲ့နှင့် OBE ဘွဲ့ချီးမြှင်ခံထားရသူ မာရေးသည် ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ် (ဝင်ဘယ်လ်ဒန်နှစ်ကြိမ်၊ ယူအက်စ်အိုးပင်း တစ်ကြိမ်) ရရှိဖူးသူဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်နှင့် ၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ တစ်ဦးချင်းပွဲစဉ်တွင် ရွှေတံဆိပ်၊ ၂၀၁၂ လန်ဒန်အို လံပစ် အမျိုးသား+အမျိုးသမီး နှစ်ယောက်တွဲပွဲစဉ်တွင် ငွေတံဆိပ်ဆု ဆွတ်ခူးရယူနိုင်ခဲ့သည်။ 

မာရေးသည် ကမ္ဘာ့အဆင့် ၁ နေရာတွင် ၄၁ ပတ်ကြာ ရပ်တည်နိုင်ခဲ့သလို ATP ပြိုင်ပွဲများ၌ ချန်ပီယံအောင်မြင်မှု ၄၆ ကြိမ်အထိ ရရှိဖူးပြီး ဗြိတိန်အားကစားသမားများအနက် ထာဝရအကောင်းဆုံးတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။

"ဒီအခိုက်အတန့်အတွက် ပြီးခဲ့တဲ့လအနည်းငယ်ကတည်းက အဆင်သင့်ဖြစ်နေခဲ့တာပါ။ ဝင်ဘယ်လ်ဒန်မတိုင်ခင်မှာ ကျောခွဲစိတ်မှုလုပ်ရကတည်းက ဒါက အချိန်တန်ပြီဆိုတာ ကျွန်တော်သိခဲ့ပါတယ်။ ရပ်တန့်လိုက်ဖို့ ကျွန်တော်မျှော်လင့်ထားပြီးသားပါ။ နောက်ထပ်အခန်းကဏ္ဍတစ်ခုက ဘာဖြစ်မလဲဆိုတာ ကျွန်တော် မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားဘဝ၊ အောင်မြင်မှုတွေနဲ့ ဒီအားကစားလောကအတွက် ကျွန်တော်လုပ်ခဲ့တာတွေကို ဂုဏ်ယူပါတယ်။ ဒီခရီးလမ်းတစ်လျှောက် အားပေးခဲ့ကြသူအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်" ဟု မာရေးက နှုတ်ဆက် စကားပြောကြားခဲ့သည်။

Most Read

Most Recent