၂၀၂၄ Ballon d'Or ဆုကို မိမိတို့အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ရရှိမည်ဟုထင်ကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ ပြောကြား

၂၀၂၄ Ballon d'Or ဆုကို မိမိတို့အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ရရှိမည်ဟုထင်ကြောင်း ရီးယဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီ ပြောကြား
Photos: Getty Images
Photos: Getty Images
Published 3 August 2024

 

ရီးယဲလ်မက်ဒရစ်ဝါရင့်နည်းပြ အန်ဆယ်လော့တီက ၂၀၂၄ Ballon d'Or ဆုကို မိမိတို့အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် ရရှိမည်ဟုထင်ကြောင်း ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။ 

ဘောလုံးလောကတွင် ဂုဏ်သိက္ခာအမြင့်ဆုံးဆုတစ်ခုဖြစ်သည့် ၂၀၂၄ Ballon d'Or ဆုပေးပွဲကို အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ၂၀၂၄ Ballon d'Or ဆုအတွက် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလ်တိုက် စစ်ကစားသမား ဗင်နီစီယပ်စ်က ရေပန်းအစားဆုံးဖြစ်နေသည်။ ဒုတိယနေရာတွင် မန်စီးတီးအသင်းမှ စပိန်ကွင်းလယ်ကစားသမား ရိုဒရီက ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဗင်နီစီယပ်စ်၏ကလပ်အသင်းဖော်များ ဖြစ်သည့် အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်နှင့် စပိန်ဝါရင့်နောက်ခံကစားသမား ကာဗာဟယ်လ်တို့ အစဉ်လိုက်ရပ်တည်နေသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ချန်ပီယံလိဂ်နှင့် လာလီဂါပြိုင်ပွဲများတွင် ဗိုလ်စွဲခြင်းကြောင့် ရီးယဲလ်ကစားသမားများဖြစ်သည့် ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်နှင့် ကာဗာဟယ်လ်တို့ မှာ ၂၀၂၄ Ballon d'Or ဆုကို ရရှိရန် ရေပန်းစားနေခြင်းဖြစ်သည်။ ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲတွင် ဂိုးပါဝင်ပတ်သက် မှု ၃၅ ကြိမ်(၂၄ ဂိုးသွင်း၊ ၁၁ ဂိုးဖန်တီး)အထိ ရှိခဲ့ပြီး ဘယ်လင်ဂမ်မှာ ရီးယဲလ်မက်ဒရစ် ကစားသမားဘဝ ပထမဆုံးရာသီတွင် ခြေစွမ်းပြနိုင်ခဲ့သလို ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းကို ဗိုလ်လုပွဲအထိ ပို့ဆောင် ပေးနိုင်ခဲ့သည်။ 

စပိန်ဝါရင့်နောက်ခံကစား သမား ကာဗာဟယ်လ်မှာမူ ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ ချန်ပီယံလိဂ်နှင့် လာလီဂါဖလားများ ရယူနိုင်ခဲ့သလို စပိန်အသင်းနှင့်အတူ ယူရို ၂၀၂၄ ချန်ပီယံဆုကိုလည်း ရရှိခဲ့သည့်အတွက် Ballon d'Or ဆု ရရှိရန် ရေပန်းစားနေခြင်းဖြစ်သည်။ ယခုအခါ အန်ဆယ်လော့တီက ၂၀၂၄ Ballon d'Or ဆု ရရှိမည့်ကစားသမားနှင့် ပတ်သက်ပြီး ၎င်း၏အမြင်ကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ Ballon d'Or ဆုကို နာမည်ကျော် အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက စံချိန်တင်အဖြစ် ရှစ်ကြိမ်မြောက် ရရှိထားသည်။ ရီးယဲလ်မက်ဒရစ် ကစားသမားများထဲတွင် အဆိုပါဆုကိုနောက်ဆုံးရရှိခဲ့သူမှာ ပြင်သစ်ဝါရင့်တိုုက်စစ်မှူး ဘန်ဇီမာဖြစ်ပြီး ၂၀၂၂ ခုနှစ်က ရရှိခဲ့ခြင်း ဖြစ်သည်။ 

အန်ဆယ်လော့တီက "၂၀၂၄ Ballon d'Or ဆုကို ဗင်နီစီယပ်စ် ရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ပါရမီကြောင့်ပါ။ သူဟာ ပြီးခဲ့တဲ့ရာသီ အရမ်းကောင်းခဲ့ပါတယ်။ ကာဗာဟယ်လ် အရမ်းကောင်းခဲ့တယ်ဆိုတာလည်း အမှန်တရား ပါပဲ။ သူဟာ ကလပ်အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေရရှိခဲ့သလို စပိန်အသင်းနဲ့အတူ ယူရိုဖလားကိုလည်း ရရှိခဲ့တယ်။ ဘယ်လင်ဂမ်ကလည်း ပြီးခဲ့တဲ့ရာသီက အတော်လေးအလုပ်ဖြစ်ခဲ့ပါတယ်။ သူဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါချန်ပီယံဆုတွေကို ရယူနိုင်ခဲ့တာပါ။ ပြီးတော့ သူဟာ လာလီဂါပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းဆုတံဆိပ်က အရမ်းအရေးကြီးတယ်လို့တော့ ကျွန်တော် မထင်ပါဘူူး။ တကယ်လို့ ခင်ဗျားအနေနဲ့ ဘောလုံးသမားတွေကို ချန်ပီယံလိဂ်ဖလား လိုချင်လား။ ဒါမှမဟုတ် Ballon d'Or ဆုကို လိုချင်လားလို့ အင်တာဗျူးလုပ်ကြည့်မယ်ဆိုရင် ကစားသမားတွေက ချန်ပီယံလိဂ်ဖလားကို လိုချင်တယ်လို့ပဲ ဖြေကြပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် လက်ရှိတွင် ရာသီသစ်အတွက် ပြင်ဆင်နေပြီး နာမည်ကျော် ပြင်သစ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူထားသည်။ ဘာပေမှာလည်း Ballon d'Or ဆု ရရန် ရေပန်းစားသူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ 

Most Read

Most Recent