ငြိမ်းချမ်းရေးညီလာခံတွင် ရုရှား ပါဝင်စေရန် တစ်ကမ္ဘာလုံးက ဆန္ဒရှိနေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား

ငြိမ်းချမ်းရေးညီလာခံတွင် ရုရှား ပါဝင်စေရန် တစ်ကမ္ဘာလုံးက ဆန္ဒရှိနေကြောင်း ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား
ဇူလိုင် ၃၀ ရက်က ပြင်သစ်နိုင်ငံ ရစ်ဗနီမြို့တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တားဗျူးပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကို တွေ့ရစဉ်(Photo: AFP)
ဇူလိုင် ၃၀ ရက်က ပြင်သစ်နိုင်ငံ ရစ်ဗနီမြို့တွင် အေအက်ဖ်ပီသတင်းဌာနနှင့် အင်တားဗျူးပြုလုပ်နေသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးကို တွေ့ရစဉ်(Photo: AFP)
Published 1 August 2024

ယူကရိန်းတွင်ဖြစ်ပွားနေသည့် စစ်ပွဲကိုအဆုံးသတ်ရန် ဒုတိယအကြိမ်မြောက်ပြုလုပ်ရန်စီစဉ်ထားသည့် ငြိမ်းချမ်းရေးညီလာခံတွင် ရုရှားကိုပါဝင်စေရန် ယူကရိန်းအပါအဝင် တစ်ကမ္ဘာလုံးက ဆန္ဒရှိနေသည်ဟု ယူကရိန်း သမ္မတဗိုလိုဒီမာ ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေပြင်တွင် အသာစီးရနေပြီး အနောက်နိုင်ငံများထံမှ ကူညီမှုများ သေချာရေရာမှုမရှိ ဖြစ်နေချိန်တွင် ဇယ်လန်စကီးက စစ်ပွဲကိုအဆုံးသတ်စေရန်အတွက် ရည်မှန်းချက်ကြီးသည့် သံတမန်ရေးရာ အားထုတ်ကြိုးပမ်းမှုအဖြစ် ကမ္ဘာ့ခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးညီလာခံကို ပြုလုပ်ခဲ့သည်။

ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံကို ဆွစ်ဇာလန်နိုင်ငံ ဘာဂျန်စတော့မြို့တွင် ပြုလုပ်ခဲ့ပြီး ထိုအချိန်က ရုရှားနှင့် တရုတ်တို့ ပါဝင်ခြင်းမရှိခဲ့ပေ။

ပထမအကြိမ် ညီလာခံတွင်ရုရှားကို ဖိတ်ကြားခဲ့ခြင်းမရှိသော်လည်း ယခုအကြိမ်တွင် ရုရှားကို စားပွဲဝိုင်းသို့ ခေါ်ဆောင်ရန်အချိန်ကျပြီဖြစ်ကြောင်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ဒုတိယအကြိမ်ညီလာခံမှာ ရုရှားပါဝင်ရမယ်လို့ ကမ္ဘာ့နိုင်ငံအများစုက ပြောနေပါတယ်။ ရုရှားမပါဘူးဆိုရင် ကျွန်တော်တို့ဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ရလဒ်တွေကို ရမှာမဟုတ်ပါဘူး”ဟု ဇယ်လန်စကီးက ဇူလိုင် ၃၀ ရက် တွင် ပြောကြားခဲ့သည်။

“တစ်ကမ္ဘာလုံးက ရုရှားကို ညီလာခံတက်စေချင်တယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒါကိုဆန့်ကျင်နိုင်မှာ မဟုတ်ပါဘူး” ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကမူ သူသည် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် လမ်းဖွင့်ထားသော်လည်း ယူကရိန်းအနေဖြင့်ရုရှားက ပိုင်ဆိုင်ကြောင်းကြေညာထားသည့် နယ်နိမိတ်များကို စွန့်လွှတ်ပေးအပ်မှသာ အပစ် အခတ်ရပ်စဲရေးဖြစ်မြောက်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ဇယ်လန်စကီးသည် ယူကရိန်း၏ နယ်နိမိတ် တည်တံ့ခိုင်မြဲရေးကို ပြန်လည်ထိန်းသိမ်းရေး၊ စစ်သုံ့ပန်းများ ပြန်လည်ရရှိရေးနှင့် ယူကရိန်း၏စွမ်းအင်နှင့် စီးပွားရေးအတွက် အာမခံချက်များရှိသည့်အချက်  ၁၀ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။

တရုတ်သည် ယူကရိန်းစစ်ပွဲအဆုံးသတ်စေရန် အဓိက အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဇယ်လန်စကီးက ဝန်ခံခဲ့သော်လည်း  တရုတ်၏ ကြားဝင်စေ့စပ်မှုကို အလိုမရှိကြောင်းနှင့် ရုရှားအပေါ်ဖိအားပေးရန်သာ တရုတ်ကို တောင်းဆိုခဲ့သည်။

“တရုတ်အနေနဲ့ ဆန္ဒရှိမယ်ဆိုရင် ဒီစစ်ပွဲကိုရပ်ဖို့ရုရှားကို တွန်းအားပေးနိုင်ပါတယ်” ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတသည် ၎င်း၏ ငြိမ်းချမ်းရေးအားထုတ်ကြိုးပမ်းမှုများအတွက် နိုင်ငံတကာ၏ အားပေးထောက်ခံမှုကို ရရှိခဲ့သော်လည်း ရုရှားနယ်နိမိတ်အတွင်းရှိ ပစ်မှတ်များကို မဟာမိတ်များ ထောက်ပံ့ပေးထားသည့် လက်နက်များအသုံးပြုပြီး တိုက်ခိုက်ခွင့်ပြုရန်တောင်းဆိုခဲ့သည်။

“မဟာမိတ်တွေထောက်ပံ့ပေးထားတဲ့ လက်နက်တွေအားလုံးကို အသုံးမပြုနိုင်တဲ့အချက်ဟာ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်နေပါတယ်။ ရန်သူကိုဟန့်တားဖို့ အဲဒီလက်နက်တွေလိုပါတယ်။  ကျွန်တော်တို့နေရာမှာ ခင်ဗျားတို့ဆို ရင်ဘယ်လိုလုပ်ကြမှာလဲ” ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။                 

Ref: AFP

Most Read

Most Recent