ဒေါ်နယ်ထရန့် တစ်ကျော့ပြန် အာဏာရလာမည်ဆိုလျှင် နျူကလီးယားဆွေးနွေးမှုများ ပြန်လည်စတင်ရန် မြောက်ကိုရီးယား ဆန္ဒရှိနေဟု သံတမန်ဟောင်း ပြောကြား

ဒေါ်နယ်ထရန့် တစ်ကျော့ပြန် အာဏာရလာမည်ဆိုလျှင် နျူကလီးယားဆွေးနွေးမှုများ ပြန်လည်စတင်ရန် မြောက်ကိုရီးယား ဆန္ဒရှိနေဟု သံတမန်ဟောင်း ပြောကြား
Published 1 August 2024
Ref: Reuters

ဒေါ်နယ်ထရန့် အမေရိကန်သမ္မတအဖြစ် တစ်ကျော့ပြန်ရွေးကောက်ခံရမည်ဆိုလျှင် မြောက်ကိုရီးယားက အမေရိကန်နှင့် နျူကလီးယားအရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် ဆန္ဒရှိနေပြီး ဆွေးနွေးညှိနှိုင်းရေး မဟာဗျူဟာသစ်တစ်ရပ်ကို ဖော်ဆောင်ရန် ကြိုးပမ်းနေသည်ဟု မကြာသေးမီက တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့သော မြောက်ကိုရီးယား အဆင့်မြင့်သံတမန်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသံတမန် ရီအီကျူသည် ယမန်နှစ်နိုဝင်ဘာလအစောပိုင်းက ၎င်း၏မိသားစုနှင့်အတူ တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ်ပြီး သူသည် ၂၀၁၆ ခုနှစ်က ဗြိတိန်နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ် ထယ်ယုံဟိုနောက်ပိုင်း ဘက်ပြောင်းခိုလှုံသည့် အဆင့်အမြင့်ဆုံး မြောက်ကိုရီးယား သံတမန်ဖြစ်သည်။

ယခုနှစ်နှင့် လာမည့်နှစ်များတွင် ရုရှား၊ အမေရိကန်နှင့် ဂျပန်တို့နှင့် ပတ်သက်သည့် ကိစ္စရပ်များသည် မြောက်ကိုရီးယား၏ ထိပ်တန်းဦးစားပေး နိုင်ငံခြားရေးမူဝါဒဖြစ်သည်ဟု နိုင်ငံတကာမီဒီယာများနှင့် ပထမဆုံးပြုလုပ်သည့် အင်တာဗျူးတွင် ရီက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ရုရှားနှင့်ဆက်ဆံရေးကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်လျက်ရှိပြီး တစ်ဖက်တွင်လည်း လာမည့် နိုဝင်ဘာလရွေးကောက်ပွဲတွင် ထရန့်တစ်ကျော့ပြန် အာဏာရလာမည်ဆိုလျှင် နျူကလီးယား ဆွေးနွေးမှုများ ပြန်လည်စတင်ရန် စိတ်အားထက်သန်နေသည်ဟု ၎င်းက ထပ်မံပြောကြားသည်။ ထရန့်သမ္မတအဖြစ် တာဝန်ယူစဉ်က မြောက်ကိုရီးယားအရေးနှင့်စပ်လျဉ်း၍ သဘောထားပြင်းထန်ပြီး အန္တရာယ်ရှိသော ချဉ်းကပ်မှုပုံစံကိုသာမက မကြုံစဖူး သံခင်းတမန်ခင်း ဆက်ဆံမှုများကိုပါ လုပ်ဆောင်ခဲ့သည်။

မြောက်ကိုရီးယား သံတမန်များသည် နျူကလီးယားနှင့် ဒုံးလက်နက်အစီအစဉ်များအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းရေး၊ အကြမ်းဖက်မှုကို ထောက်ခံအားပေးသည့် နိုင်ငံစာရင်းမှ ပယ်ဖျက်ခံရရေးနှင့် စီးပွားရေးအကူအညီများ ရရှိရေးအတွက် အဆိုပါဖြစ်နိုင်ခြေနှင့်ပတ်သက်၍ မဟာဗျူဟာတစ်ရပ်ကို အသေးစိတ်စီစဉ်ရေးဆွဲနေသည်ဟု ရီက ဆိုသည်။

ယင်းသည် အမေရိကန်နှင့် စေ့စပ်ဆွေးနွေးမှုများ ပြုလုပ်မည့် အလားအလာကို ငြင်းပယ်၍ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မည်ဟု သတိပေးခဲ့သည့် ကြေညာချက်များကို မကြာသေးမီက ထုတ်ပြန်ခဲ့သော်လည်း မြောက်ကိုရီးယားအနေဖြင့် လက်ရှိသဘောထားကို ပြောင်းလဲပစ်မည့် အလားအလာကို အရိပ်အမြွက်ပြသနေသည်။

၂၀၁၉ ခုနှစ်က ဗီယက်နမ်တွင် ထိုစဉ်က အမေရိကန်သမ္မတဖြစ်သည့် ဒေါ်နယ်ထရန့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့သော်လည်း ဒဏ်ခတ်အရေးယူမှုများနှင့်ပတ်သက်၍ ဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေ။

ထိုသို့ဆွေးနွေးပွဲမအောင်မြင်ခဲ့ခြင်းမှာ ကင်က နျူကလီးယားသံတမန်ရေးနှင့်ပတ်သက်၍ ဗဟုသုတနည်းပြီး ကျွမ်းကျင်မှုမရှိသည့် စစ်ဘက်အကြီးအကဲများကို တာဝန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ရီက အပြစ်တင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ဖွယ်ရှိဟု ၎င်းက ဆိုသည်။   

Most Read

Most Recent