ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အရ မြန်မာလုပ်သားတစ်သိန်းကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အရ မြန်မာလုပ်သားတစ်သိန်းကျော် ဖမ်းဆီးခံရ
Published 1 August 2024

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ရက် ၅၀ အတွင်း မြန်မာလုပ်သား တစ်သိန်းကျော် ဖမ်းဆီးခံရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

တရားမဝင်အလုပ်သမား ဖမ်းဆီးရေးအတွက် ရက်ပေါင်း ၁၂၀ စီးမံချက်အဖြစ် ဇွန် ၅ ရက်မှစတင်ခဲ့ရာ ဇူလိုင် ၂၅ ရက်ထိ ရက် ၅၀ အတွင်း အလုပ်ရုံ၊ စက်ရုံလုပ်ငန်းဆိုက်အသီးသီးရှိ တရားမဝင်အလုပ်သမားများကို လိုက်လံစစ်ဆေးမှုပြုလုပ်ရာတွင် မြန်မာအပါအဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၁၄၇၇၂၆ ဦး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ ရဲဌာနအပါဝင် ဌာနဆိုင်ရာအဖွဲ့များသည် ဘန်ကောက်မြို့ ဟွေ့ခွာဈေး၊ ဖာစီကျလိန်တွင်ဈေးဆိုင်များ၊ ဘန်ခယ်မြို့နယ်ရှိ စက်ရုံများနှင့် ရတ်ချ်ဘူရီနယ်မြေတွင် အုန်းသီးစက်ရုံ ဥဒွန်ထာနီရှိ စားသောက်ဆိုင်များနှင့် ချတ်ချင်စောင်တွင် ဆောက်လုပ်ရေးအပါဝင် နေရာပေါင်းများစွာတို့မှ တရားမဝင်အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားစုစုပေါင်း ၁၄၇၇၂၆ ဦး ဖမ်းဆီးရမိခဲကြောင်း ထုတ်ပြန်ထားသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့က နိုင်ငံအလိုက်ဖမ်းဆီးရမိသူများမှာ မြန်မာအလုပ်သမား ၁၁၀၁၃၀ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၂၂၉၉၉ ဦး၊ လာအိုအလုပ်သမား ၉၆၇၅ ဦး၊ ဗီယက်နမ်အလုပ်သမား ၁၀၄ ဦးနှင့် အခြားနိုင်ငံသားအလုပ်သမား ၄၈၁၈ ဦးဖြစ်ကြပြီး ယင်းတို့အနက် မြန်မာအလုပ်သမား ၆၅၈ ဦး၊ လာအိုအလုပ်သမား ၁၄၇ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၁၄၁ ဦး၊ ဗီယက်နမ်အလုပ်သမား ၂၁ ဦး၊ အခြားနိုင်ငံအလုပ်သမား ၇၀ ဦးတို့ကို အရေးယူဆောင်ရွက်ပြီးသွားပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသား အလုပ်သမားအနက်အထောက်အထားမဲ့ အလုပ်လုပ်ကိုင်ခွင့် ဝေါ့ပါမက်မရှိသည့် အလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို လုပ်ကိုင်သည့်အလုပ်သမားကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ ထိ အလုပ်သမားမှ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ ပြန်ပို့ခံရခြင်းနှင့်အတူ အလုပ်လုပ်ကိုင်ခွင့် (၂)နှစ် ပိတ်ခံရမည်ဖြစ်သည်။

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သမားကိုလက်ခံသည့် အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ ထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ထပ်မံကျူးလွန်မှုတွေ့ရှိပါက ထောင်ဒဏ်အများဆုံး တစ်နှစ်နှင့် ဘတ်ငွေ ၅၀၀၀၀ မှ ၂၀၀၀၀၀ ထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် သုံးနှစ် ပိတ်ခံရမည်ဖြစ်ကြောင်း အလုပ်သမားဦးစီးဌာန ထုတ်ပြန်ထားကြောင်း ထိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

Most Read

Most Recent