ဟားမာ့စ်၏နိုင်ငံရေးဆိုင်ရာခေါင်းဆောင် အစ္စမေးလ်ဟာနီယက် အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်မြို့တော် တီဟီရန်တွင် သေဆုံးသွားခဲ့သည်ဟု ဟားမာ့စ်နှင့် အီရန်တို့က ထုတ်ပြန်

ဟားမာ့စ်၏နိုင်ငံရေးဆိုင်ရာခေါင်းဆောင် အစ္စမေးလ်ဟာနီယက် အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန်မြို့တော် တီဟီရန်တွင် သေဆုံးသွားခဲ့သည်ဟု ဟားမာ့စ်နှင့် အီရန်တို့က ထုတ်ပြန်
Published 31 July 2024
Ref:AFP

ဟားမာ့စ်အဖွဲ့၏နိုင်ငံရေးဆိုင်ရာခေါင်းဆောင် အစ္စမေးလ်ဟာနီယက်သည်  အီရန်သမ္မတသစ် ကျမ်းကျိန် ပွဲကိုတက် ရောက်ခဲ့ရာနေရာဖြစ်သော အီရန်နိုင်ငံတွင် အစ္စရေးတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် ဟားမာ့စ်က ပြောကြားခဲ့ပြီး ယင်းလုပ်ရပ်ကို မတုံ့ပြန်ဘဲနေမည်မဟုတ်ဟု ပြောကြားခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်၏အကြီးအကဲ အစ္စမေးလ်ဟာနီယက်သည် ၎င်း၏သက်တော် စောင့်တစ်ဦးနှင့်အတူ တီဟီရန်မြို့တွင် သေဆုံးသွားခဲ့သည်ဟု ဇူလိုင် ၃၁ ရက်တွင် အီရန်တော်လှန်ရေး အ အစောင့်တပ်ကလည်း ထုတ်ပြန်ခဲ့သည်။

“ဟားမာ့စ် အစ္စလာမ်မစ်တော်လှန်ရေးအဖွဲ့ရဲ့ နိုင်ငံရေးဆိုင်ရာအကြီးအကဲရဲ့ နေအိိမ်ဟာ တီဟီရန်မြို့မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုရဲ့အကျိုးဆက်အဖြစ် သူနဲ့သူရဲ့သက်တော်စောင့်တစ်ဦးတို့ အာဇာနည်တွေ ဖြစ်သွားခဲ့ကြပါတယ်”ဟု အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်၏ ဆီပါသတင်းဝက်ဆိုက်တွင် တင်ခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှု၏အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း တော်လှန်ရေးအစောင့်တပ်က ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

ဟာနီယက်သည် အီရန်ပါလီမန်၌ အီရန်သမ္မတသစ် မာဆွတ်ပီဇက်ကီယန်၏ ကျမ်းကျိန်ပွဲကို တက်ရောက်ရန် ဇူလိုင် ၃၀ ရက်တွင် အီရန်မြို့တော်တီဟီရန်ကိုရောက် ရှိလာခဲ့သည်။

၎င်းသည် ပီဇက်ကီယန်နှင့်သာမက အီရန်ဥသျှောင် အယာတိုလာအလီခါမေနီနှင့်လည်း တွေ့ဆုံခဲ့သည်။

အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့် ဇူလိုင် ၂၇ ရက်တွင် ရော့ကတ်ဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် အစ္စရေးနှင့်လက်ဘနွန်၏ ဟစ်ဇဘိုလာတို့ စစ်မက်ဖြစ်ပွားမည့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေချိန် ဇူလိုင် ၃၀ ရက်တွင် အီရန်သမ္မတသစ်၏ ကျမ်းကျိန်ပွဲ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လူငယ် ၁၂ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုအတွက် ဟစ်ဇဘိုလာတာဝန်ရှိသည်ဟု အစ္စရေးက စွပ်စွဲခဲ့သည်ဆိုသော်လည်း ယင်းတိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်နေသည်ဆိုခြင်းကို ဟစ်ဇဘိုလာက ပယ်ချထားသည်။

“ညီနောင်ခေါင်းဆောင် မူဂျာဟစ် အစ္စမေးလ်ဟာနီယက်ဟာ အီရန်သမ္မတသစ်ရဲ့ကျမ်းကျိန်ပွဲကို တက်ရောက်ခဲ့ ပြီးနောက် တီဟီရန်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသွားခဲ့ပါတယ်”ဟု ဟားမာ့စ်က ထုတ်ပြန်ခဲ့သည်။

ဟားမာ့စ်အဖွဲ့က လက်တုံ့ပြန်လိမ့်မည်ဟု ဟားမာ့စ်နိုင်ငံရေးဗျူရိုအဖွဲ့ဝင် မူဆာအဘူမာဇွတ်က ပြောကြားခဲ့သည်။

ခေါင်းဆောင် အစ္စမေးလ်ဟာနီယက်ကို လုပ်ကြံတာဟာ သူရဲဘောကြောင်တဲ့  လုပ်ရပ်ဖြစ်ပါတယ်။ မတုံ့ပြန်ဘဲ နေမှာမဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

ဟာနီယက် သေဆုံးသွားသည့်တိုက်ခိုက်မှုသည် ဒေသစံတော်ချိန်နံနက် ၂ နာရီ ဝန်းကျင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု အီရန်မီဒီယာက ဖော်ပြခဲ့သည်။ ၎င်းနေထိုင်နေသည့် တီဟီရန်မြောက်ပိုင်းရှိ စစ်မှုထမ်း ဟောင်းများအတွက် အထူးနေအိမ် ပစ်မှတ်ထားခံရခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးက ဖြေကြားခြင်းမရှိပေ။       

 

                  

Most Read

Most Recent