ဂိုလန်ကုန်းမြင့်၌  လူငယ် ၁၂ ဦးသေဆုံးသွားသည့် တိုက်ခိုက်မှုအတွက် ဟစ်ဇဘိုလာကို ပြင်းထန်စွာ တုံ့ပြန်မည်ဟု အစ္စရေး ပြောကြား

ဂိုလန်ကုန်းမြင့်၌  လူငယ် ၁၂ ဦးသေဆုံးသွားသည့် တိုက်ခိုက်မှုအတွက် ဟစ်ဇဘိုလာကို ပြင်းထန်စွာ တုံ့ပြန်မည်ဟု အစ္စရေး ပြောကြား
တိုက်ခိုက်ခံရသည့်နေရာကို အစ္စရေးကာကွယ်ရေး ဝန်ကြီးယိုအက်ဂါးလန့်(လယ်) ကြည့်ရှုနေပုံကို ဇူလိုင် ၂၈ ရက်တွင် တွေ့ရစဉ်(Photo:AFP)
တိုက်ခိုက်ခံရသည့်နေရာကို အစ္စရေးကာကွယ်ရေး ဝန်ကြီးယိုအက်ဂါးလန့်(လယ်) ကြည့်ရှုနေပုံကို ဇူလိုင် ၂၈ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 29 July 2024

လက်ဘနွန်ဘက်မှ ပစ်လွှတ်သော ဒုံးကျည်က အစ္စရေးသိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်တွင် လူငယ် ၁၂ ဦးကို သေဆုံးသွားစေခဲ့ပြီးနောက် အစ္စရေးကရန်သူကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ဇူလိုင် ၂၈ ရက် တွင် ကြုံးဝါးခဲ့ရာ ထိုသို့ကြုံးဝါးခြင်းက ဂါဇာစစ်မီး ကူးစက်သွားမည့် စိုးရိမ်မှုများကို မီးလောင်ရာ လေပင့် လုပ်လိုက်သလိုဖြစ်လာခဲ့သည်။

လက်ဘနွန်၌ စစ်ရေးဆိုင်ရာ စွန့်စားလုပ်ဆောင်မှုမှန်သမျှသည် ကြိုတင်မမြင်နိုင်သော အကျိုးဆက်များကို ဦးတည်သွားစေနိုင်သည်ဟု အီရန်က အစ္စရေးကို သတိပေးခဲ့သည်။

အစ္စရေးတို့ သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်တွင် လက်ဘနွန်ဘက်မှ ပစ်ခတ်သော ဒုံးကျည်တစ်စင်း ကျရောက်ခဲ့ခြင်းကြောင့် လူငယ် ၁၂ ဦးသေဆုံးခဲ့သည်။

ဟစ်ဇဘိုလာအဖွဲ့က လက်ဘနွန်မှပစ်ခတ်သော ဒုံးကျည်သည်မက်ဂျ်ဒယ်ရှမ်းကျေးရွာရှိ ဘောလုံးကွင်းကို ထိမှန်ခဲ့သည်။အသက် ၁၀ နှစ်မှ ၂၀ ကြား လူငယ် ၁၂ ဦး သေဆုံးခဲ့ပြီး နောက်ထပ်လူငယ် ၁၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက “ဒီလူသတ်တိုက်ခိုက်မှုကိုု အစ္စရေးက မတုံ့ပြန်ဘဲမနေပါဘူး။ ဟစ်ဇဘိုလာဟာ ကြီးကြီးမားမား ပြန်လည်ပေးဆပ်ရမယ်”ဟုပြောကြားခဲ့သည်။

ဇူလိုင် ၂၇ ရက် ဒုံးကျည်တိုက်ခိုက်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြစ်တင်ရှုတ်ချခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် အမြင့်ဆုံးသည်းခံကြရန် ဆော်သြခဲ့သည်။

လတ်တလောဖြစ်ပွားနေသော ဂါဇာစစ်ပွဲကို စတင်စေခဲ့သည့် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဖြစ်ပွားပြီး ကတည်းက ယခုတိုက်ခိုက်မှုသည် အစ္စရေးအရပ်သားများကို အဆိုးရွားဆုံး တိုက်ခိုက်မှုဖြစ်သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ထို့အပြင် ဂါဇာစစ်ပွဲဖြစ်ပွားပြီးနောက် လက်ဘနွန်နယ်စပ်တွင် အစ္စရေးနှင့်ဟစ်ဇဘိုလာတို့ နေ့စဉ်နီးပါး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နောက်ပိုင်းအစ္စရေး အရပ်သားများကို အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြစ်သည်ဟု ဆိုသည်။

ဖာလာ-၁ အီရန် ဒုံးကျည်ကို ပစ်ခတ်သည့်အတွက် အစ္စရေးက လက်ဘနွန်၏ ဟစ်ဇဘိုလာအုပ်စုကို အပြစ်တင်ထားသည်။ ဟစ်ဇဘိုလာသည် အစ္စရေး စစ်ဘက်နေရာများကို ပုံမှန်ပစ်မှတ်ထားခဲ့သော အဖွဲ့အစည်းဖြစ်သည်ဆိုသော်လည်း ယခုတိုက်ခိုက်မှုသည် ၎င်းတို့နှင့်ဆက်စပ်မှုမရှိဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။

အာရပ်ဘာသာစကားပြောသော ဒရုစ်လူမျိုးစုများနေထိုင်ရာ မက်ဂျ်ဒယ်ရှမ်းရွာကို ဒုံးကျည်ထိမှန်ခဲ့ခြင်းက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုကို အမေရိကန်ပြည်ထောင်စုမှ စောစောပြန်ခဲ့ရသည့် အနေအ ထားဖြစ်စေခဲ့သည်။

အစ္စရေးကို ရောက်သည်နှင့်တစ်ပြိုင်တည်း နေတန်ယာဟုသည် လုံခြုံရေးအစည်းအဝေးကို ချက်ချင်းခေါ်ယူခဲ့သည်ဟု ၎င်း၏ ရုံးကထုတ်ပြန်ခဲ့သည်။

“ဟစ်ဇဘိုလာဟာ တိုက်ခိုက်မှုအတွက် ကြီးကြီးမားမားပေးဆပ်ရပါလိမ့်မယ်။ အရင်တုန်းက မပေးဆပ်ခဲ့ရတဲ့ တန်ဖိုးကို ပေးဆပ်ရမှာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့ဝန်ကြီးများက ဟစ်ဇဘိုလာကို တိုက်ခိုက်မည့်ပုံစံ၊ တိုက်ခိုက်မည့်အချိန်တိုု့အား ဆုံးဖြတ်ရန် ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ကို အခွင့်အာဏာအပ်နှင်းခဲ့သည်ဟု အစည်းအဝးအပြီး ထုတ်ပြန်ချက်တွင် နေတန်ယာဟု၏ ရုံးကဖော်ပြခဲ့သည်ဆိုသော်လည်း နောက်ထပ်အသေးစိတ်များကို ဖော်ပြ ခဲ့ခြင်းမရှိပေ။

ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်သည် တိုက်ခိုက်ခံရသည့်နေရာကို ဇူလိုင် ၂၈ ရက်တွင် သွားရောက်ခဲ့ပြီး အစ္စရေးက ရန်သူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဟု ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာသည် မျဉ်းနီအားလုံးကို ဖြတ်ကျော်လိုက်ပြီဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Ref:AFP

 

Most Read

Most Recent