အင်္ဂပူမြို့၊ စက်စက်ယိုဘုရားအနီး ရေဘေးရှောင်မိသားစုမှ ဆယ်လသားကလေးငယ်တစ်ဦး ရေထဲကျကာ ရေနစ်သေဆုံး

အင်္ဂပူမြို့၊ စက်စက်ယိုဘုရားအနီး ရေဘေးရှောင်မိသားစုမှ ဆယ်လသားကလေးငယ်တစ်ဦး ရေထဲကျကာ ရေနစ်သေဆုံး
Published 29 July 2024

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ စက်စက်ယိုဘုရားအနီး ရေဘေးရှောင်မိသားစုမှ ဆယ်လသားကလေးငယ်တစ်ဦး ရေထဲကျကာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ဇူလိုင် ၂၈ ရက်၊ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"သူတို့က အခြေခံလူတန်းစားမိသားစုတွေပါ။ စက်စက်ယိုနားမှာ နေကြတာ။ သူတို့နေတဲ့နေရာတွေ ရေမြုပ်တာနဲ့ ရေဘေးရှောင်လာကြတာ။ သူတို့ ရေဘေးရှောင်တဲ့ ဘုရားတန်ဆောင်းက ဘေးဘက်အပွင့်၊အဲဒီ လက်ရမ်းပွတ်လုံးကြားထဲကနေ ကလေးက ရေထဲကိုကျတာလို့ သိရတယ်။ သူ့အမေက မသိလိုက်ဘူး။ အိပ်ပျော်နေတာလို့လည်း သိရတယ်။ အဲဒီဘေးက ရေအနက်က ခါးစောင်းလောက်တော့ရှိမယ်။ နောက်ထပ်ကလေးအကြီးလေးကလည်း အသက်နှစ်နှစ်လောက်ပဲရှိသေးတာဆိုတော့ သိတတ်တဲ့အရွယ်မဟုတ်သေးဘူး။  ရေထဲပြုတ်ကျတဲ့ကလေးကတော့ ဆယ်လသားကလေးလေးပါ။ သူတို့လည်း ရှာကြသေးတယ်ပြောတယ်။ အလှမ်းမဝေးတဲ့နေရာမှာ အလောင်းပေါ်လာမှ သေဆုံးမှန်းသိကြတာ"ဟု အဆိုပါနေရာအနီးမှ ဒေသခံတစ်ဦးက ဖြေကြားသည်။

ဆယ်လသားအရွယ် အဆိုပါကလေးငယ်လေး၏ရုပ်အလောင်းကို ဘုရားတန်ဆောင်းနောက်ဘက်နား ရေထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read