ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ၏ ငွေစာရင်းများကို အသုံးပြုကာ ရာဇဝတ်မှုလုပ်ငန်းများတွင် အသုံးချခံရမှု ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ၏ ငွေစာရင်းများကို အသုံးပြုကာ ရာဇဝတ်မှုလုပ်ငန်းများတွင် အသုံးချခံရမှု ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်
Published 15 July 2024

ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများ၏ ငွေစာရင်းများကို အသုံးပြုကာ ရာဇဝတ်မှုလုပ်ငန်းများတွင် အသုံးချခံရမှု ထိုင်းရဲတပ်ဖွဲ့ ဖော်ထုတ်လိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။

ဇူလိုင် ၁၂ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ဖမ်းဆီးရမိမှု အခြေအနေများကို ထုတ်ပြန်ခဲ့ရာ ယင်းအကောင့်များတွင် လည်ပတ်နေသည့်ငွေကြေးမှာ ထိုင်းဘတ်ငွေ သန်း ၃၀၀၀ နီးပါးရှိသည် ဟု သတင်းတွင် ဖော်ပြထားသည်။

ငွေစာရင်းများကို အွန်လိုင်းလိမ်လည်မှုနှင့် အခြားလိမ်လည်မှုများတွင် အသုံးပြုခဲ့ သည်ကို တွေ့ရှိရပြီး ဖမ်းဆီးမှုများကို အယုဒ္ဓယ၊ နသွန်ဘူရီနှင့် နသွန်ပထုံဒေသများတွင် ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ယင်းဖြစ်ရပ်တွင် ရွှေ့ပြောင်းလုပ်သား ၅၀ ကျော်မှာ ဘဏ်အကောင့်ပေါင်း ၁၀၀ ကျော် ဖွင့်လှစ်ရန် လိမ်လည်လှည့်ဖျားခံခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး သတိပေးမှုများ ပြုလုပ်ခဲ့သည်။

အွန်လိုင်းလောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချသူများက ထိုင်းရောက်မြန်မာလုပ်သားအချို့၏ ဘဏ်စာရင်းနှင့်ဘဏ်စာအုပ်များကို ကြားခံအသုံးချနေသဖြင့် ဖမ်းဆီးခံရခြင်း၊ ဖမ်းဝရမ်းထုတ်ခံရခြင်းများ ကြုံတွေ့နေရကြောင်း ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော MOU မြန်မာလုပ်သားများမှာ ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် MOU ကုမ္ပဏီများက စီစဉ်ပေးသည့်ဘဏ်များ၌ ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ ဘဏ်စာအုပ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ရပြီးယင်းသို့ပြုလုပ်ချိန်တွင် ဘဏ်လုပ်ငန်းစဉ်များနှင့် မရင်းနှီးသည့် မြန်မာလုပ်သားအချို့က MOU ကုမ္ပဏီမှ ကိုယ်စားလှယ်အချို့၏ ပြောကြားချက်များအတိုင်း လိုက်ပါဆောင်ရွက်ရခြင်း၊ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ကို ကိုယ်စားလှယ်အချို့က ထိန်းသိမ်းထားခြင်းတို့ကို ကြုံတွေ့ခဲ့ရသည်ဟု သံရုံးက ထုတ်ပြန်သည်။

အဆိုပါ မြန်မာလုပ်သားအချို့၏ ဘဏ်စာရင်းနှင့် ဘဏ်စာအုပ်ထိန်းသိမ်းထားသူ ကိုယ်စားလှယ်များက အွန်လိုင်းမှတစ်ဆင့်လောင်းကစားလုပ်သူများ၊ ငွေကြေးခဝါချလိုသူများထံ မြန်မာလုပ်သားများ၏ ဘဏ်စာ ရင်းနှင့် ဘဏ်စာအုပ်များကို အခကြေးငွေရယူပြီး ပေးအပ်ခဲ့ခြင်းများရှိခဲ့သည်ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။

ယင်းသို့အသုံးချခံရသည့် ဘဏ်စာရင်းများတွင် ငွေကြေးဝင်/ထွက်မှုများခြင်း၊ စုဆောင်းငွေများပြားခြင်း စသည့် မသင်္ကာဖြစ်ဖွယ်ကိစ္စများကြောင့် သက်ဆိုင်ရာထိုင်းအာဏာပိုင်အဖွဲ့အစည်းများက ဘဏ်စာရင်းစာအုပ်ပိုင်ရှင် မြန်မာလုပ်သားများကိုဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ အချုပ်ထောင်တွင် ချုပ်နှောင်ထားခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်ခြင်း စသည့်ဖြစ်စဉ်များ တွေ့ကြုံနေရသဖြင့် ဖြေရှင်းပေးလျက်ရှိသည်ဟု မြန်မာသံရုံးက ထုတ်ပြန်သည်။

ယင်းသို့ ဆင့်ခေါ်ဝရမ်းထုတ်ခြင်း၊ ချုပ်နှောင်ခြင်း တွေ့ကြုံပါက ဓာတ်ပုံ၊ နိုင်ငံကူးလက်မှတ်၊ တယ်လီဖုန်းနံပါတ်၊ စာရင်းဖွင့်ခဲ့သည့်ဘဏ်အမည်နှင့် နယ်မြေ၊ ဘဏ်စာရင်းဖွင့်ရာ၌ လိုက်ပါဆောင်ရွက်ခဲ့သူ၏ ဓာတ်ပုံ အစရှိသည်တို့ကို ယူဆောင်ကာ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးသို့ လာရောက် အကူအညီတောင်းခံနိုင်သည်ဟု မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

မြန်မာလုပ်သားများအနေဖြင့် ဘဏ်စာရင်း၊ ဘဏ်စာအုပ်နှင့် PIN နံပါတ်များကို မိမိတစ်ဦးတည်း၊ သို့မဟုတ် မိသားစုထံတွင် သိမ်းဆည်းထားရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာလုပ်သားများမှာ ယခင်နှစ်များကထက် ပိုမိုများပြားလာပြီး အချို့မှာ တရားမဝင်သွားရောက်လုပ်ကိုင် လျက်ရှိသည်။

Most Read

Most Recent