၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း၏ အုပ်စုတွင်းသုံးပွဲစလုံးမှာ လွန်စွာအရေးပါနေပြီး နောက်တစ်ဆင့်တက်နိုင်ရန် ကြိုးစားသွားမည်ဟု နည်းပြချုပ် ဦးအောင်နိုင် ဆို

၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း၏ အုပ်စုတွင်းသုံးပွဲစလုံးမှာ လွန်စွာအရေးပါနေပြီး နောက်တစ်ဆင့်တက်နိုင်ရန် ကြိုးစားသွားမည်ဟု နည်းပြချုပ် ဦးအောင်နိုင် ဆို
Photo: MFF
Photo: MFF
Published 15 July 2024

၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ ယူ-၁၉ အသင်း၏ အုပ်စုတွင်း သုံးပွဲစလုံးမှာ လွန်စွာအရေးပါနေပြီး နောက်တစ်ဆင့်တက်နိုင်ရန် ကြိုးစားသွားမည်ဟု နည်းပြချုပ် ဦးအောင်နိုင်က ပြောကြားသည်။

မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် ဦးအောင်နိုင်က '' နောက်တစ်ဆင့်တက်နိုင်အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဗီယက်နမ်နဲ့ ကစားရမယ့်ပွဲက အရေးပါသလို အုပ်စုတွင်းသုံးပွဲစလုံးက ကျွန်တော်တို့အတွက် အရေးပါပါတယ်။ လာအိုအသင်းမှာလည်း ကစားသမားကောင်းတွေ ရှိနေပါတယ်'' ဟု ပြောကြားသည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ MNL ကလပ်အသင်းများနှင့် ခြေစမ်းပွဲ(၄) ပွဲ ကစားထားရာ နှစ်ပွဲနိုင်၊ နှစ်ပွဲသရေကျထားသည်။

မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲဝင်မတိုင်မီ ပြည်ပအသင်းများနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခွင့် မရခဲ့ဘဲ ပြည်တွင်းခြေစမ်းပွဲများသာ ကစားခွင့်ရခဲ့ကြောင်း သိရသည်။

မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့်ဇွန်(၁၅) ရက်က ဒဂုံစတားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၄-၂) ဂိုး၊ ဇွန်(၂၀) ရက်က  ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၃-၁) ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ပြီး ဇွန်(၂၉) ရက်က ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ (၁-၁) ဂိုး၊ ဇူလိုင် ၃ ရက်က ် ဒဂုံပေါ့ပ်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ(၂-၂)ဂိုးတို့ဖြင့် သရေကျခဲ့ကြောင်း သိရသည်။

၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရာမြို့တွင် လာမည့်ဇူလိုင်(၁၇) ရက်မှ(၂၉) ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂) သင်းကို(၄) သင်း (၃) အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးရပ်တည်မှုရ အသင်း(၃) သင်းနှင့် အကောင်းဆုံးအုပ်စု ဒုတိယရအသင်း ပေါင်း(၄) သင်းမှာ ဆီမီးဖိုင်နယ်သို့တက်ရောက်ခွင့်ရမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည်   ၂၀၂၄ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင်  အုပ်စု(B) ၌ သြစတြေးလျ၊ ဗီယက်နမ်၊ လာအိုအသင်းတို့ နှင့် အုပ်စုကျပ်အတွင်း ကျရောက်နေပြီး ဇူလိုင် ၁၈ ရက်၊ မြန်မာစံတော်ချိန် ည ၇ နာရီတွင် ဗီယက်နမ်လူငယ်အသင်းနှင့် အုပ်စုပထမပွဲအဖြစ် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်းသည် အုပ်စုပွဲများအဖြစ်  ဇူလိုင်(၁၈) ရက်တွင် ဗီယက်နမ်အသင်း၊ ဇူလိုင်(၂၁) ရက်တွင် လာအိုအသင်း၊ ဇူလိုင်(၂၄) ရက်တွင် သြစတြေးလျအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။

မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲသမိုင်းတွင် နှစ်ကြိမ်ဗိုလ်စွဲခဲ့ဖူးပြီး ဒုတိယဆု နှစ်ကြိမ်ရှိထားခဲ့ဖူးသည်။

မြန်မာ ယူ-၁၉ အသင်းသည် ချန်ပီယံဆုကို ၂၀၀၃၊ ၂၀၀၅ ပြိုင်ပွဲများတွင်လည်းကောင်း၊ ဒုတိယဆုကို ၂၀၀၂၊ ၂၀၁၈ ပြိုင်ပွဲများတွင်လည်းကောင်း ရရှိခဲ့သည်။ 

Most Read

Most Recent