ပြင်သစ်ဒုတိယတန်းကလပ် SM Caen အသင်းကို ဘာပေ၏မိသားစု ဝယ်ယူနိုင်ရန် နီးစပ်နေပြီဟု ပြင်သစ်သတင်းစာ Ouest France ဖော်ပြ

ပြင်သစ်ဒုတိယတန်းကလပ် SM Caen အသင်းကို ဘာပေ၏မိသားစု ဝယ်ယူနိုင်ရန် နီးစပ်နေပြီဟု ပြင်သစ်သတင်းစာ Ouest France ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 15 July 2024

ဘာပေ၏ မိသားစုသည် ပြင်သစ်ဒုတိယတန်းကလပ် SM Caen အသင်းကို ဝယ်ယူနိုင်ရန် နီးစပ်နေပြီဟု ပြင်သစ်သတင်းစာ Ouest France က ဖော်ပြခဲ့သည်။

SM Caen အသင်းသည် ၁၉၁၃ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့်အသင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် လီဂူး -၁ ပြိုင်ပွဲမှ လီဂူး-၂ ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဘဏ္ဍာရေးပြဿနာနှင့် ရင်ဆိုင်နေရသောကြောင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် ပိုင်ရှင်သစ်ကိုရှာဖွေနေကြောင်း ပူးတွဲပိုင်ရှင်တစ်ဦးဖြစ်သည့် အန်တွိုင်နီကပ်ပတန်က ဖွင့်ဟပြောကြားထားသည်။

ယင်းအခြေအနေတွင် ဘာပေ၏မိသားစုက SM Caen အသင်း၏ ရှယ်ယာများကို ဝယ်ယူရန် စီစဉ်လာခြင်းဖြစ်ပြီး ဘာပေ၏မိခင် ဦးစီးနေသည့် KM7 ကုမ္ပဏီက လှုပ်ရှားနေခြင်းဖြစ်ကြောင်း သိရသည်။

SM Caen အသင်းသည် နှစ်(၁၀၀) ကျော် သက်တမ်းရှိနေသည့် ကလပ်အသင်းဖြစ်သည့်အပြင် ဘာပေ ငယ်ရွယ်စဉ်က ရောက်ရှိလုနီးပါးဖြစ်ခဲ့သည့် ကလပ်အသင်း ဖြစ်ကြောင်းလည်း Ouest France က ဖော်ပြခဲ့သည်။

SM Caen အသင်းမှ လူငယ်စုဆောင်းရေးအဖွဲ့သည် ၂၀၁၃ ခုနှစ်တွင် ဘာပေကိုခေါ်ယူရန် အလွန်နီးစပ်သည့် အခြေအနေသို့ ရောက်ရှိခဲ့သော်လည်း ၎င်း၏ မိဘများက မိုနာကိုအသင်းကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SM Caen အသင်းသည် လက်ရှိပြင်သစ်လက်ရွေးစင်ကစားသမားဖြစ်သူ ကွန်တေ ကစားခဲ့ဖူးသည့်အသင်းဖြစ်ပြီး သောမတ်စ်လူမာ၊ ဂွါရဲရိုး စသည့်ကစားသမားများလည်း ကစားခဲ့ဖူးကြောင်း သိရသည်။

SM Caen အသင်းအား ဘာပေ၏ မိသားစု ဝယ်ယူရန် ကြိုးပမ်းနေကြောင်းကို RMC Sports ကလည်း အတည်ပြုခဲ့ပြီး ဂျာနယ်လစ် ဒန်နီယဲလ်ရီယိုလိုက ''လက်ရှိအချိန်မှာ ဘာပေရဲ့ မိသားစုက SM Caen အသင်းကို ဝယ်ယူဖို့ ကြိုးစားနေတာ အမှန်ပါပဲ''ဟု ပြောကြားခဲ့သည်။

SM Caen အသင်းသည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Oaktree နှင့် လမ်းခွဲခဲ့သည့်အတွက် ဘဏ္ဍာရေးပြဿနာနှင့် ပြန်လည်ရင်ဆိုင်လာရခြင်းဖြစ်ကြောင်း သိရသည်။

Oaktree ကုမ္ပဏီသည် ၂၀၂၀ ခုနှစ်တွင် ဒေဝါလီခံရလုနီး ပါးဖြစ်နေသည့် SM Caen အသင်းတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ အသင်း၏ ပူးတွဲပိုင်ရှင်အဖြစ် ရပ်တည်ခဲ့သည်။

သို့သော် လက်ရှိအချိန်၌ စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းကို ပိုင်ဆိုင်တော့မည်ဖြစ်သည့်အတွက် SM Caen အသင်းနှင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ် ရှာဖွေနေရခြင်းဖြစ်ပြီး ဘာပေ၏ မိသားစုအနေဖြင့် ယူရိုသန်း(၃၀)ဝန်းကျင်သာ သုံးစွဲရဖွယ်ရှိကြောင်း သိရသည်။

ပြင်သစ်ထိပ်သီး PSG အသင်းမှ လာလီဂါထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့သည့် ပြင်သစ်တိုက်စစ်မှူး ဘာပေသည် လက်ရှိအချိန်၌ ယူရိုသန်း(၁၈၀)ဝန်းကျင် ကြွယ်ဝချမ်းသာနေသူ ဖြစ်သည်။

ထို့ကြောင့် SM Caen အသင်းတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခက်တွေ့ဖွယ်မရှိကြောင်း Ouest France က သုံးသပ်ဖော်ပြခဲ့သည်။

 

Most Read

Most Recent