ကိုပါအမေရိကဗိုလ်လုပွဲ၏ ပထမပိုင်းအပြီးတွင် ရှာကီရာ၏ ရှိုးပွဲအတွက် အချိန်(၂၅)မိနစ်သတ်မှတ်ခဲ့ခြင်းအား ကိုလံဘီယာနည်းပြ လိုရန်ဇို ဝေဖန်ပြစ်တင်

ကိုပါအမေရိကဗိုလ်လုပွဲ၏ ပထမပိုင်းအပြီးတွင် ရှာကီရာ၏ ရှိုးပွဲအတွက် အချိန်(၂၅)မိနစ်သတ်မှတ်ခဲ့ခြင်းအား ကိုလံဘီယာနည်းပြ လိုရန်ဇို ဝေဖန်ပြစ်တင်
Photo : Getty Images
Photo : Getty Images
Published 15 July 2024

ကိုလံဘီယာနည်းပြ နက်စတာလိုရန်ဇိုသည် ကိုပါအမေရိကဗိုလ်လုပွဲ၏ ပထမပိုင်းအပြီးတွင် ရှာကီရာ၏ ရှိုးပွဲအတွက် အချိန်(၂၅)မိနစ် သတ်မှတ်ခဲ့ခြင်းကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

ဘောလုံးပွဲများတွင် ပထမပိုင်းအပြီး၌ အနားပေးချိန်မှာ  ပုံမှန်အားဖြင့် (၁၅)မိနစ်သာဖြစ်သော်လည်း ကိုပါအမေရိကဗိုလ်လုပွဲတွင်မူ နာမည်ကျော် ပေါ့ပ်အဆိုတော် ရှာကီရာ၏ ဖျော်ဖြေမှုကို ထည့်သွင်းတင်ဆက်ခဲ့သည့်အတွက် အနားပေးချိန်ကို (၂၅)မိနစ်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ကိုပါအမေရိကပြိုင်ပွဲ၌ ပထမပိုင်းနှင့် ဒုတိယပိုင်းကြားတွင် ယခုကဲ့သို့ ရှိုးပွဲထည့်သွင်းတင်ဆက်ခဲ့ခြင်းမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကြိုဆိုသူများစွာရှိခဲ့သော်လည်း လိုရန်ဇိုကမူ (၂၅)မိနစ်အထိ အနားပေးခဲ့ခြင်းအတွက် ကစားသမားများ သွေးအေးသွားနိုင်ကြောင်း ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ကိုပါအမေရိကဗိုလ်လုပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ လိုရန်ဇိုက "ခင်ဗျားတို့ ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်။ ရှာကီရာက တကယ့်နာမည်ကျော်ပါ။ ဗိုလ်လုပွဲတစ်ပွဲမှာ စည်းမျဉ်းတွေပြောင်းလဲရင် နှစ်သင်းစလုံးအတွက်ဖြစ်သလို၊ ကွင်းက ဆိုးရွားရင်လည်း နှစ်သင်းစလုံးအတွက် ဒါမှမဟုတ် ရာသီဥတုကလည်း နှစ်သင်းစလုံးအတွက် အတူတူပါပဲ။ တစ်သင်းအတွက် ဆိုးရွားပြီး တစ်သင်းအတွက် အားသာချက်ဖြစ်စေတယ်လို့ မပြောနိုင်ပါဘူး။ ကျွန်တော် နားမလည်နိုင်ပေမဲ့ အခု အနားပေးချိန်ကလည်း အဲဒီလိုပဲဖြစ်ဖို့ ဆန္ဒပြုပါတယ်။ ကျွန်တော်တို့ ပွဲကစားချိန် (၁၆)မိနစ် နောက်ကျတဲ့အခါ အရေးယူခံရပြီး အခုရှိုးပွဲက မိနစ်(၂၀)ကျော်ပါတယ်။ ကစားသမားတွေ သွေးအေးနိုင်ပါတယ်။ ဒါပေမဲ့ နှစ်သင်းစလုံးအပေါ် သက်ရောက်မှုရှိမှာပါ"ဟု ပြောကြားခဲ့သည်။

ကိုပါအမေရိကပြိုင်ပွဲ၏ အုပ်စုအဆင့်တွင် ကွင်းအတွင်း ရောက်ရှိချိန် နောက်ကျခဲ့သည့်နည်းပြများ တစ်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များအနေဖြင့်လည်း ဒဏ်ငွေ ဒေါ်လာ(၁၅၀၀၀)စီ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent