နစ္စတယ်ရွိုင်းနှင့် ရယ်နေဟိတ်တို့ကို လက်ထောက်နည်းပြအဖြစ်ခန့်အပ်နိုင်သဖြင့်  ဝမ်းမြောက်မိကြောင်း အဲရစ်တန်ဟက်ဂ် ပြောကြား

နစ္စတယ်ရွိုင်းနှင့် ရယ်နေဟိတ်တို့ကို လက်ထောက်နည်းပြအဖြစ်ခန့်အပ်နိုင်သဖြင့်  ဝမ်းမြောက်မိကြောင်း အဲရစ်တန်ဟက်ဂ် ပြောကြား
Photo: Daily Mail
Photo: Daily Mail
Published 13 July 2024

 

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က နယ်သာလန်နိုင်ငံသားနှစ်ဦးဖြစ်သည့် ရုဒ်ဗန်နစ္စတယ်ရွိုင်းနှင့် ရယ်နေဟိတ်တို့ကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်နိုင်သောကြောင့် ဝမ်းမြောက်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ဒန်အက်ရှ်ဝေါ့သ်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပြီးနောက် နည်းပြအဖွဲ့ကို အပြောင်းအလဲစတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အဲရစ်တန်ဟက်၏ လက်ထောက်နည်းပြဖြစ်သူ ဗန်ဒါဂက်နှင့် ပထမအသင်း နည်းပြဖြစ်သူ ဘင်နီမက္ကာသီတို့နှင့် လမ်းခွဲခဲ့ပြီး နယ်သာလန်ကလပ် PSV အသင်းနည်းပြ ဟောင်း နစ္စတယ်ရွိုင်းနှင့် Go Ahead Eagles အသင်းနည်းပြဟောင်း ရယ်နေဟိတ် တို့ကို ပထမအသင်းလက်ထောက်နည်းပြအဖြစ် ခန့်အပ်ကြောင်း ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

၎င်းတို့နှစ်ဦးကို ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိသည့် နှစ်နှစ်စာချုပ် ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး စတိဗ်မက္ကလာရင်မှာ အကြီးတန်း ပထမအသင်းနည်းပြအဖြစ် ဆက်ရှိနေမည်ဖြစ်သလို နည်းစနစ်ဒါရိုက်တာ ဒါရင်းဖလက်ချာကိုမူ ပထမအသင်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

ဒတ်ချ်နည်းပြနှစ်ဦးကို လက်ထောက်နည်းပြအဖြစ် ခန့်အပ်နိုင်ခြင်းအတွက် အဲရစ်တန်ဟက်ဂ်က "ရယ်နေနဲ့ ရုဒ်က ဝန်ထမ်းတွေ အတွက် အတွေ့အကြုံ၊ ဗဟုသုတနဲ့ စွမ်းအင်အသစ်များစွာ ထပ်ပေါင်းထည့်ဖို့ ကျွန်တော်တို့ရဲ့ပရောဂျက်မှာပါဝင်မယ်ဆိုပြီး သဘောတူတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့က လွန်ခဲ့တဲ့နှစ်နှစ်အတွင်း အောင်မြင်မှုတွေကို တည်ဆောက်နေပြီး နောက်တစ်ဆင့်ကို တွန်းအားပေးဖို့ ကြိုးပမ်းနေချိန်မှာ နည်းပြအဖွဲ့ကို ပြန်လည်ဆန်းသစ်တာက အချိန်ကောင်းပါပဲ" ဟု ပြောကြားခဲ့သည်။

နစ္စတယ်ရွိုင်း (၄၈ နှစ်) သည် မန်ယူ အသင်းတွင် ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အထိ ငါး ရာသီကြာကစားခဲ့ဖူးသူဖြစ်ပြီး ၂၁၉ ပွဲကစား၊ ဂိုး ၁၅၀ သွင်းယူပေးနိုင်ခဲ့သည်။ ၎င်းသည် PSV လူငယ်အသင်းနှင့် နည်းပြဘဝစတင်ခဲ့ပြီး PSV စီနီယာအသင်းကို တစ်ရာသီသာ ကိုင်တွယ်ခွင့်ရသော်လည်း ဒတ်ချ်ဖလားနှင့် ယိုဟန်ခရိုက်ဖ်ဒိုင်း ဆွတ်ခူးရယူပေးခဲ့သည်။ ရယ်နေဟိတ် (၅၂ နှစ်) မှာမူ တွမ်တီး၊ ကမ်ဘာ၊ အူထရက်ချ်၊ Go Ahead Eagles စသည့် နယ်သာလန်ကလပ်များကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။

Most Read

Most Recent