၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ လက်ခံကျင်းပနေသည့် ဘောလုံးကွင်းများမှာ အလွန်ဆိုးရွားကြောင်း အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ဝေဖန်

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ လက်ခံကျင်းပနေသည့် ဘောလုံးကွင်းများမှာ အလွန်ဆိုးရွားကြောင်း အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ဝေဖန်
Photo: X
Photo: X
Published 11 July 2024

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီက ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ လက်ခံကျင်းပနေသည့် အိမ်ရှင် အမေရိကန်နိုင်ငံရှိ ဘောလုံးကွင်းများ၏ ကွင်းမျက်နှာပြင်များမှာ အလွန်ဆိုးရွားကြောင်း ကနေဒါအသင်းအား အနိုင်ရခဲ့သည့် ဆီမီးဖိုင်နယ်ပွဲအပြီးတွင် ဝေဖန်ပြောကြားခဲ့သည်။

ကိုပါအမေရိကလက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းသည် ဇူလိုင် (၉) ရက်က ကစားခဲ့သည့် ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကနေဒါအသင်းကို အယ်လ်ဗာရက်ဇ်၊ မက်ဆီတို့၏ သွင်းဂိုးများကြောင့် (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။

ထို့ကြောင့် အာဂျင်တီးနားအသင်းသည် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ (၂) ကြိမ်ဆက် တက်ရောက်နိုင်ခဲ့သလို၊ အဓိကပြိုင်ပွဲကြီးများ(ကမ္ဘာ့ဖလား၊ ကိုပါအမေရိက)တွင် (၃)ကြိမ်ဆက်တိုက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနား (၂-၀) ကနေဒါပွဲကို MetLife Stadium တွင် ကစားခဲ့ပြီး အသက် (၃၇)နှစ်အရွယ်ရှိ မက်ဆီသည် ခြေစွမ်းပြကစားကာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သည်။

သို့သော် ပွဲအပြီးတွင် မက်ဆီက အမေရိကန်ရှိ ကွင်းများနှင့်ပတ်သက်ပြီး ဝေဖန်ခဲ့ခြင်းဖြစ်သည်။

မက်ဆီက ''ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် အခုပြိုင်ပွဲက အရမ်းခက်ခဲပါတယ်။ ပြိုင်ပွဲဝင်အသင်းတိုင်းက ခြေညီပြီး ဘောလုံးကွင်းတွေရဲ့ မျက်နှာပြင်က အတော်လေး ဆိုးရွားပါတယ်။ ပြီးတော့ အပူချိန်ကလည်းမြင့်ပြီး ပြိုင်ဘက်အသင်းတိုင်းက ခက်ခဲပါတယ်။ ဒီလို အနေအထားမျိုးမှာ ကျွန်တော်တို့အနေနဲ့ ဗိုလ်လုပွဲကို ထပ်ပြီးတက်ရောက်နိုင်တာ အရမ်းကောင်းပြီး အခိုက်အတန့်တိုင်းကို ပျော်ရွှင်ခံစားရမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် မက်ဆီက အသင်း၏စွမ်းဆောင်ရည်ကိုလည်း အသိအမှတ်ပြုခဲ့ပြီး ၀ါရင့်ကစားသမားဖြစ်သည့် သက်ကြီးကစားသမားများ၏ စွမ်းဆောင်မှုများကိုလည်း ချီးကျူးခဲ့သည်။

''အာဂျင်တီးနားမှာ ပါဝင်တဲ့ ကစားသမားတိုင်းက အရေးကြီးတဲ့သူတွေချည်းပါပဲ။ သက်ကြီးကစားသမားတွေရဲ့စွမ်းဆောင်မှုက အထင်ကြီးစရာပါ။ ကျွန်တော်၊ ဒီမာရီယာနဲ့ အော်တာမန်ဒီတို့ ဗိုလ်လုပွဲတစ်ခုထပ်ကစားရတော့မှာပါ''ဟု မက်ဆီက ပြောကြားခဲ့သည်။

Most Read

Most Recent