မုဒိမ်းမှု၊ အကြမ်းဖက်မှုစသည့် ပြစ်မှုဆိုင်ရာစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည့် ဂရင်းဝုဒ်အား မခေါ်ယူရန် မာဆေးလ်အသင်းအား မြို့တော်ဝန် တိုက်တွန်း

မုဒိမ်းမှု၊ အကြမ်းဖက်မှုစသည့် ပြစ်မှုဆိုင်ရာစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည့် ဂရင်းဝုဒ်အား မခေါ်ယူရန် မာဆေးလ်အသင်းအား မြို့တော်ဝန် တိုက်တွန်း
Photo: Fan OM
Photo: Fan OM
Published 11 July 2024

မုဒိမ်းမှု၊ အကြမ်းဖက်မှုစသည့် ပြစ်မှုဆိုင်ရာစွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည့် မန်ယူအသင်းတိုက်စစ်မှူး ဂရင်းဝုဒ်အားမခေါ်ယူရန် မာဆေးလ်အသင်းအား မြို့တော်ဝန် ဘင်နွိုင်းပယွန်က တိုက်တွန်းခဲ့သည်။

မာဆေးလ်အသင်းသည် ဂရင်းဝုဒ်အတွက် ပေါင်(၂၇)သန်းဖြင့် ကမ်းလှမ်းမှုကို မန်ယူအသင်းက လက်ခံခဲ့ပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များ၏ပြောကြားမှုကို ကိုးကားပြီး BBC Sport က ဖော်ပြခဲ့သည်။

အသက် (၂၂) နှစ်အရွယ်ရှိ ဂရင်းဝုဒ်အနေဖြင့် ယင်းအပြောင်းအရွှေ့အတွက် ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိရန် လိုအပ်နေသေးကြောင်း သိရသည်။

ဂရင်းဝုဒ်သည် မုဒိမ်းမှု၊ အကြမ်းဖက်မှု စွဲချက်များဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၃ ဖေဖော်ဝါရီလတွင် မန်ယူအသင်းလူစာရင်းမှ ဖယ်ရှားခံခဲ့ရသည်။

မြို့တော်ဝန် ပယွန်းက ''ကျွန်တော့်ရဲ့ကလပ်ကို အရှက်တရားတွေ ဖုံးလွှမ်းသွားမှာကို မလိုလားပါဘူး။ ဒါက လက်ခံနိုင်စရာလည်း မရှိပါဘူး''ဟု ပြင်သစ်ရေဒီယို RMC သို့ ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် မန်ယူအသင်းသည် အသင်းတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဂရင်းဝုဒ်အနေဖြင့် ကစားသမားဘဝကို အိုးလ်ထရက်ဖို့ဒ်၏အဝေးတွင် ဆက်လက်တည်ထောင်ရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။

ဂရင်းဝုဒ်သည် ပြီးခဲ့သည့်ရာသီက ဂီတာဖေးအသင်းတွင် အငှားကစားခဲ့ပြီး မန်ယူအသင်းနှင့် သူ၏စာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်နေသေးကြောင်း သိရသည်။

ဂီတာဖေးအသင်းတွင် ခြေစွမ်းပြနိုင်ခြင်းကြောင့် ဂရင်းဝုဒ်အား စိတ်ဝင်စားသည့်အသင်းများ ရှိလာခဲ့ပြီး  မာဆေးလ်သို့ ပြောင်းရွှေ့ဖြစ်ခဲ့လျှင် မန်ယူအသင်းအနေဖြင့် အနာဂတ်အပြောင်းအရွှေ့မှ (၄၀)မှ (၅၀) ရာခိုင်နှုန်းအထိ ရဖွယ်ရှိနေသည်။

Most Read

Most Recent