သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အိမ်စီးကားနှင့် ဆိုင်ကယ်တို့ တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူ ဇနီးမောင်နှံနှစ်ဦး သေဆုံး

သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အိမ်စီးကားနှင့် ဆိုင်ကယ်တို့ တိုက်မိပြီး ဆိုင်ကယ်စီးနင်းသူ ဇနီးမောင်နှံနှစ်ဦး သေဆုံး
Published 11 July 2024

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့တွင် အိမ်စီးကားနှင့် ဆိုင်ကယ်တို့ တိုက်မိရာမှ ဆိုင်ကယ်စီးနင်လာသူ ဇနီးမောင်နှံနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် သုဝဏ္ဏဝတီမြို့ ကျိုက္ကော် - ကတိုက်ကြီးလမ်းပေါ်တွင်  ကတိုက်ကြီးကျေးရွာဘက်သို့ ကတိုက်ကြီးကျေးရွာနေ အသက် (၃၉) နှစ်အရွယ် ကိုဝင်းကိုနိုင်ဆိုသူ မောင်းနှင်လာသည့် TOYOTA HILUX VIGO အမျိုးအစား (အနက်ရောင်) မော်တော်ယာဉ်မှာ မိုင်တိုင်အမှတ် ၀/၄ နှင့် ၀/၅ အကြား၊ ထန်းပင်တန်းနေရာအရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောအတွင်း ရောက်ရှိသွားခဲ့ရာမှ ကတိုက်ကြီးကျေးရွာဘက်မှ ကျိုက္ကော်ဘက်ကို မောင်းနှင်လာသည့် ဆိုင်ကယ်ကို ဝင်ရောက်တိုက်မိခဲ့‌ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် ဇနီးမောင်နှံနှစ်ဦးနှင့် ဆိုင်ကယ်မှာ လမ်းဘေးရှိ ရေမြောင်းထဲကျသွားခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသူ နောင်ဘိုကျေးရွာ ကျောက်ရထားလမ်းနေ၊ အသက် (၅၅) နှစ်အရွယ် ဦးမောင်ဆန်းမှာ ဦးခေါင်းထိပ်ပြတ်ထွက်ဒဏ်ရာ၊ ဝဲဘက်လက်မောင်းကျိုးဒဏ်ရာ၊ ဝဲဘက်ပေါင်ကျိုးဒဏ်ရာရရှိခဲ့ပြီး နောက်တွင် လိုက်ပါစီးနင်းလာသူ အသက် (၅၄) နှစ်အရွယ် ဒေါ်သိန်းနုမှာ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ပါးပေါက်ပြဲဒဏ်ရာတို့ အသီးသီးရရှိကာ နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရသည်။

“ယာဉ်တိုက်မှုနဲ့ သေဆုံးသွားတဲ့ ဇနီးမောင်နှံ နှစ်ဦးရဲ့ Dead Body ကို ပီတိနှလုံးသားလူမှုကူညီကယ်ဆယ်ရေးအဖွဲ့က သွားရာက်ယူဆောင်ပြီးတော့ သိမ်ဆိပ်တိုက်နယ်ဆေးရုံမှာရှိတဲ့ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ကြပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး မော်တော်ယာဉ်ကို မဆင်မခြင် အရှိန်ပြင်းစွာမောင်းနှင်သူ ဝင်းကိုနိုင်အား ဥပဒေအရအရေးယူပေးရန် တိုင်ကြားလာ‌သောကြောင့် ယာဉ်(ပ)၁၀/၂၀၂၄ ရာဇသတ်ကြီးပုဒ်မ-၂၇၉/ ၃၀၄-အရ အမှုဖွင့်အရေးယူပြီး ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent