ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကျဆုံးခဲ့ကြောင်းနှင့် မိမိအနေဖြင့် ခြေစွမ်းမပြနိုင်ခဲ့ကြောင်း ပြင်သစ်အသင်းခေါင်းဆောင် ဘာပေ ဝန်ခံ

ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကျဆုံးခဲ့ကြောင်းနှင့် မိမိအနေဖြင့် ခြေစွမ်းမပြနိုင်ခဲ့ကြောင်း ပြင်သစ်အသင်းခေါင်းဆောင် ဘာပေ ဝန်ခံ
Photo : Getty Images
Photo : Getty Images
Published 11 July 2024

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကျဆုံးခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပြီး မိမိအနေဖြင့် အဆိုပါပြိုင်ပွဲတွင် ခြေစွမ်းမပြနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ပြင်သစ်အသင်းသည် ဇူလိုင် (၉)ရက်က ကစားခဲ့သည့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းကို မူအာနီ၏ သွင်းဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ခွင့်ပြုခဲ့ရကာ ပွဲအပြီးတွင် (၁-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ဘာပေသည် အဆိုပါပွဲစဉ်တွင် မူအာနီ၏ သွင်းဂိုးကို ဖန်တီးပေးခဲ့သော်လည်း ပြင်သစ်အသင်းကို ယူရို ၂၀၂၄ ဗိုလ်လုပွဲရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ ခြင်း မရှိပေ။ ထို့ပြင် ဘာပေသည် စပိန်အသင်းအား ရှုံးနိမ့်သည့်ပွဲတွင် ပွဲပြီးခါနီးရရှိသည့် အပိုင်အခွင့်အရေးကိုလည်း အသုံးချနိုင်ခဲ့ခြင်း မရှိသဖြင့် ပြင်သစ်အသင်းမှာ နစ်နာခဲ့ရသည်။

ထို့ကြောင့် ပြင်သစ်အသင်းခေါင်းဆောင် ဘာပေက မိမိအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။ ဘာပေက "ဘောလုံးမှာ ခင်ဗျားအနေနဲ့ ကောင်းတဲ့အခါ (ခြေစွမ်းပြနိုင်တဲ့အခါ) ရှိနိုင်သလို၊ မကောင်းတဲ့အခါ (ခြေစွမ်းမပြနိုင်တဲ့အခါ)လည်း ရှိနိုင်ပါတယ်။ (ဒီယူရိုပြိုင်ပွဲမှာတော့) ကျွန်တော်  မကောင်းခဲ့ပါဘူး။ ကျွန်တော့်ရဲ့ယူရိုပြိုင်ပွဲက ကျဆုံးခြင်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ယူရိုပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး"ဟု ပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ နာမည်ကျော်ကြယ်ပွင့် ကစားသမားဘာပေသည် ပြင်သစ်အသင်းနှင့် ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူထားသလို၊ ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး  အာဂျင်တီးနားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည်။

သို့သော် ဘာပေ၏ပြင်သစ်အသင်းမှာ ယူရိုပြိုင်ပွဲ၌ ရုန်းကန်နေရပြီး ယူရို ၂၀၂၀ ပြိုင်ပွဲတွင် ရှုံးထွက် (၁၆) သင်းအဆင့်မှထွက်ခွာခဲ့ရသလို၊ ယခု ယူရို ၂၀၂၄ ပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်မှထွက်ခွာခဲ့ရသည်။

ထို့ပြင်  ဘာပေသည် ယူရိုပြိုင်ပွဲ (၂) ကြိမ်ကစားရာတွင် (၁)ဂိုးသာ သွင်းယူထားနိုင်သေးပြီး ယင်းဂိုးမှာလည်း ပယ်နယ်တီမှ တစ်ဆင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဘာပေသည် ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်တွင် သြစတြီးယားကစားသမားနှင့် ထိခိုက်မိပြီး နှာခေါင်းရိုးကျိုးခဲ့ ခြင်းကြောင့် မျက်နှာဖုံးဝတ်ဆင်ကစားခဲ့ရပြီး ယင်းအချက်က ၎င်း၏စွမ်းဆောင်ရည်ကို ထိခိုက်စေကြောင်း ဝန်ခံပြောကြားခဲ့သည်။

ထို့ကြောင့် ဘာပေသည် စပိန်အသင်းအား (၁-၂)ဂိုးဖြင့် ရှုံးနိမ့်သည့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မျက်နှာဖုံးမဝတ်ဆင်ဘဲ ကစားခဲ့သော်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်း မရှိပေ။

Most Read

Most Recent