ဂါဇာရှိ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးသေဆုံးကြောင်း ပါလက်စတိုင်း သတင်းအရင်းအမြစ်များ ပြောကြား

ဂါဇာရှိ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးသေဆုံးကြောင်း ပါလက်စတိုင်း သတင်းအရင်းအမြစ်များ ပြောကြား
ဇူလိုင် ၁၀ ရက်က ဂါဇာဒေသရှိ ဒိုင်ယာအယ်ဘာလာမြို့တွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း သေဆုံးခဲ့သူများ၏ အလောင်းဘေးတွင် ကျန်ရစ်သူမိသားစုက ငိုကြွေးနေစဉ်(Photo:AFP)
ဇူလိုင် ၁၀ ရက်က ဂါဇာဒေသရှိ ဒိုင်ယာအယ်ဘာလာမြို့တွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း သေဆုံးခဲ့သူများ၏ အလောင်းဘေးတွင် ကျန်ရစ်သူမိသားစုက ငိုကြွေးနေစဉ်(Photo:AFP)
Published 10 July 2024

ဂါဇာကမ်းမြောင်ဒေသတွင် ရွှေ့ပြောင်းနေထိုင်သူများ ခိုလှုံနေထိုင်ရန် အသုံးပြုသည့် စာသင်ကျောင်း တစ်ကျောင်းကို ဇူလိုင် ၉ရက်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် လူ၂၉ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ပါလက်စတိုင်း သတင်းအရင်းအမြစ်များက ပြောကြားခဲ့ကာ ယင်းသည် လေးရက်အတွင်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားသည့် လေးကြိမ်မြောက် တိုက်ခိုက်မှုဖြစ်လာခဲ့ကာ ဟားမာ့စ်တို့က လူသေဆုံးမှုများအတွက် အစ္စရေးကို ပြစ်တင် ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က ၎င်းတို့သည် ယင်းနေရာကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ဖြစ်စဉ်ကို ပြန်လည်သုံးသပ်နေကြောင်း အေအက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။ အစ္စရေးက ယာယီခိုလှုံစရာ နေရာများအဖြစ် အသုံးပြုနေသည့် ဂါဇာစာသင်ကျောင်းများကို ဇူလိုင် ၆ ရက်ကတည်းက အခြားလေကြောင်း တိုက်ခိုက်မှု သုံးကြိမ်လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

အဘာဆန်မြို့ရှိ အယ်အော်ဒီစာသင် ကျောင်းဝင်ပေါက်ကို လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဒဏ်ရာရရှိ သူများကို ပို့ဆောင်ခဲ့သော နိုင်ငံတောင်ပိုင်းခန်းယူနစ်မြို့အနီးရှိ နက်ဆာဆေးရုံမှ သတင်းအရင်းအမြစ် တစ်ဦးက ပြောကြားခဲ့ကာ ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၂၉ ဦးသေဆုံးခဲ့ပြီး လူပေါင်းဒါဇင်ချီ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ဟားမာ့စ်အစိုးရမီဒီယာရုံးက ယင်းဆိုးရွားသည့် လူအစုလိုက် သေဆုံးမှုဖြစ်စဉ်ကို အစ္စရေးက လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး သေဆုံးသူ ၂၉ ဦးရှိကြောင်း အတည်ပြုကာ သေဆုံးသူအများစုသည် အမျိုးသမီးများနှင့် ကလေးများဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကျောင်းဝင်ပေါက်မှာ ထိုင်နေတာပါ။ ရုတ်တရက် သတိပေးချက်မရှိဘဲ ရော့ကတ်တွေနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်”ဟု မျက်မြင်ကြုံတွေ့သူ  မိုဟာမက်ဆက်ကာက ဇူလိုင် ၉ ရက် လေကြောင်းတိုက်ခိုက် မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပြန်ပြောင်းပြောပြခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ၎င်း၏လေတပ်သည် စာသင်ကျောင်းအနီးရှိ ဟားမာ့စ်စစ်ဘက်တပ်ရင်းမှ စစ်သွေးကြွတစ်ဦးကို တိုက်ခိုက်ရန် တိကျသော စစ်လက်နက်ပစ္စည်းကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။“ဒီဖြစ်စဉ်ကို လေ့လာသုံးသပ်နေပါတယ်”ဟု စစ်တပ်က ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ဟားမာ့စ်နယ်မြေဖြစ်သည့် ဂါဇာရှိတာဝန်ရှိသူများက စာသင်ကျောင်းများကို အစောပိုင်းတိုက်ခိုက်မှု ဖြစ်စဉ်များတွင် လူ ၂၀ ထက် မနည်းသေဆုံးခဲ့သည်ဟု ပြောပြခဲ့သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုများမှ သုံးခုသည် စာသင်ကျောင်းများတွင် ပုန်းခိုနေသော စစ်သွေးကြွများကို ပစ်မှတ်ထားခဲ့သည်ဟု အစ္စရေးက ဆိုသည်။

ဇူလိုင် ၉ ရက်က အစ္စရေး၏လေကြောင်း တိုက်ခိုက်မှုတစ်ခုကြောင့် ဂါဇာအလယ်ပိုင်း နျူဆီရတ်မြို့ရှိ ကုလသမဂ္ဂ၏ အယ်ဂျော်နီစာသင်ကျောင်းကို ထိမှန်ပြီး လူ ၁၆ ဦးသေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ဆိုသည်။

ထိုအချိန်က ယင်းစာသင်ကျောင်းတွင် ခိုလှုံနေထိုင်သူ ၂၀၀၀ ခန့်ရှိသည်ဟု ပါလက် စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA က ဆိုသည်။

နောက်တစ်ရက်တွင် ဂါဇာစီးတီးမြို့ရှိ Holy Family ကျောင်းကို လေကြောင်းတိုက်ခိုက်မှုကြောင့် လူလေးဦးသေဆုံးခဲ့သည်ဟု ဂါဇာ၏အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ဆိုသည်။ ဇူလိုင် ၈ ရက်က နျူဆီရတ်မြို့ရှိ နောက်ထပ် UNRWA ၏ စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူအများအပြားကို ဆေးရုံပို့ဆောင်ခဲ့ရသည်။

Ref:AFP

                                                            

Most Read

Most Recent