စင်ကာပူစတော့အိတ်စ်ချိန်းစာရင်းဝင် Yoma Strategic Holdings ၏ ရှယ်ယာများ စင်ကာပူစတော့ဈေးကွက်တွင် ဈေးကျဆင်း

စင်ကာပူစတော့အိတ်စ်ချိန်းစာရင်းဝင် Yoma Strategic Holdings ၏ ရှယ်ယာများ စင်ကာပူစတော့ဈေးကွက်တွင် ဈေးကျဆင်း
Published 10 July 2024

စင်ကာပူစတော့အိတ်စ်ချိန်းစာရင်းဝင် မြန်မာနိုင်ငံအခြေစိုက် Yoma Strategic Holdings လုပ်ငန်းစုကြီးသည် ဇူလိုင် ၁၀ ရက်တွင် ကုမ္ပဏီ၏ ရှယ်ယာဈေး ကျဆင်းသွားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

လက်ပြောင်းလက်လွဲှလုပ်သည့် များပြားသော ရှယ်ယာ ၁၄၆ ဒသမ ၃ သန်းနှင့်အတူ စင်ကာပူစံတော်ချိန် ညနေ ၃ နာရီ ၅၄ မိနစ်အချိန်ထိ ရိုးမားစတော့ရှယ်ယာသည် ၂၅ ဒသမ ၇ ရာခိုင်နှုန်း သို့မဟုတ် ၃ ဒသမ ၃ ဆင့် (Cent) ကျဆင်းကာ တန်ဖိုးအားဖြင့် ၁၀ ဒသမ ၇ စင့်အထိ ကျဆင်းသွားခဲ့ကြောင်း၊ ဇူလိုင် ၁၀ ရက်တွင် ၁၀ ဒသမ ၃ ဆင့်ဖြင့် ဈေးပိတ်ခဲ့ရာ ၂၈ ဒသမ ၄၇ ရာခိုင်နှုန်း သို့မဟုတ် ၄ ဒသမ ၁ ဆင့် ကျဆင်းသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

“သူ့ကို စွဲချက်တင်တာ မရှိပါဘူး”ဟု ထုတ်ပြန်ချက်တွင် ကုမ္ပဏီက ဖော်ပြခဲ့ပြီး မစ္စတာဆာဂျီပန်းသည် ဗဟိုဘဏ်အပါအဝင် အာဏာပိုင်များနှင့် တွေ့ဆုံနေသည်ဟု ဖြည့်စွက်ဖော်ပြထားသည်။

ရိုးမလုပ်ငန်းစုဘုတ်အဖွဲ့အနေဖြင့် ရိုးမကုမ္ပဏီ၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်သူ မစ္စတာဆာ့ချ်ပန်းသည် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် နေပြည်တော်တွင် ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဇူလိုင် ၁၀ ရက်က သတင်းထုတ်ပြန်ထားသည်ဟု BBC သတင်းဌာနကလည်း သတင်းဖော်ပြခဲ့သည်။ 

ထို့ပြင် မစ္စတာဆာ့ချ်ပန်းသည် အမှုဖွင့်အရေးယူခံရခြင်းမျိုး မရှိသေးကြောင်းကိုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု BBC သတင်းဌာနက ဆိုသည်။

ယင်းကိစ္စကိုသိလို၍ ရိုက်တာသတင်းဌာနက ဖုန်းဆက်မေးမြန်းသည်ကို နစက ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်းမရှိဟု ရိုက်တာသတင်းဌာနက ဆိုသည်။

မစ္စတာပန်း တည်ထောင်ခဲ့သော မြန်မာ့အကြီးဆုံး ကူးသန်းရောင်းဝယ်ရေး ဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်သည် မြန်မာနိုင်ငံဗဟိုဘဏ် (CBM) က ချမှတ်ပေးထားသော အိမ်ရာချေးငွေစံနှုန်းများကို ချိုးဖောက်သည့်အတွက် အခြားပုဂ္ဂလိကဘဏ်ခြောက်ခုနှင့်အတူ စိစစ်ခံနေရသော ဘဏ်တစ်ခုဖြစ်သည်ဟု အစိုးရပိုင်သတင်းစာက လွန်ခဲ့သော သီတင်းပတ်တွင် ဖော်ပြခဲ့သည်။

Ref:Reuters

Most Read

Most Recent