ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံကြားရှိ စီးပွားရေး၊ ကုန်သွယ်ရေးမူဝါဒ၊ ဥပဒေအပြောင်းအလဲများကြောင့် နှစ်နိုင်ငံကြား စီးပွားရေးဆက်နွှယ်မှုများ လျော့ကျနေပြီလော သို့မဟုတ် ဒီကပ်ပလင်း (decoupling) ခေါ် ဂျပန်-တရုတ်စီးပွားရေးအတွဲအဆက်ပြုတ်တော့မည်လော စသည်ဖြင့် ကြိုတင်မှန်းဆ စိတ်ဝင်စားမှုများရှိ လာသည်။
ဂျပန်နိုင်ငံသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ကြား ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုဒဏ်ကို အခံရဆုံးနိုင်ငံများထဲတွင် ပါဝင်သည်။ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံ စီးပွားရေးဖွဲ့စည်းမှု အပြောင်းအလဲများကို ကြုံနေရသည်။ စီးပွားရေးအတွဲအဆက်ပြုတ်လာနိုင်သည့် အခြေအနေကိုလည်း အခြေအနေအမျိုးမျိုးဖြင့် ဖြစ်ပေါ်လာနေသည်ဟု ရှုမြင်နေကြသည်။ လက်ရှိပျံ့နှံ့ဖြစ်ပေါ်နေသော ယူဆချက်များ၊ အမြင်များနှင့် မတူသည့်သုံးသပ်ချက်များလည်းရှိနေသည်။ စီးပွားရေးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံ၏ အစပျိုးအားထုတ်လုပ်ဆောင်မှုများသည် ဂျပန်နိုင်ငံ၏ စီးပွားရေးလုံခြုံရေးမူဝါဒပေါ်တွင် ဖွဲ့စည်းမှုဆိုင်ရာအပြောင်းအလဲများဖြစ်ပေါ်လာရေးကို တွန်းအားပေးနေပုံရသည်။
ဆန်ခကု/ ဒီအားယူ ကျွန်း (Senkaku/Diaoyu dispute) ကျွန်းစုများနှင့်ပတ်သက်၍ အငြင်းပွားမှုများကြား ဖြစ်ပေါ်နေချိန်၊ ၂၀၁၀ ပြည့်နှစ်၌ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံသို့တင်ပို့နေသည့် မြေရှား (rare earth) ပို့ကုန်အပေါ် ရုတ်တရက်ကန့်သတ်ချုပ်ချယ်မှုပြုလုပ်ခဲ့သည်။ ဂျပန်နိုင်ငံသည်လည်း ရုတ်တရက် သတိဝင်နိုးကြားလာခဲ့ပြီးနောက် ထိုအချိန်မှစ၍ တရုတ်နိုင်ငံအပေါ် မှီခိုမှုလွန်ကဲမှုကိုလျှော့ချရေး လုပ်ဆောင်ရန်သတိပြုမိခဲ့ကာ ပြင်ဆင်လုပ်ဆောင်မှုရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင်ဂျပန်နိုင်ငံ၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ဂျပန်ကုမ္ပဏီများ တရုတ်နိုင်ငံမှ အရှေ့တောင်အာရှ သို့မဟုတ် ဂျပန်နိုင်ငံသို့ ပြန်လည်ရွေ့လာစေရန် ကူညီနိုင်ရေးအစီအမံများကို စတင်လုပ်ဆောင်ခဲ့သည်။ ယခုအချိန်တွင် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့- ဂျက်ထရို (JETRO) ကလည်း ဂျပန်ပြည်တွင်းတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများအတွက် လှုံ့ဆော်နိင်ရေးပရောဂျက်များအတွက် ထောက်ပံ့ငွေကို စီစဉ်ပေးလျက်ရှိသည်။ ဂျပန်အစိုးရသည် ဂျပန်လူထု နေ့စဉ်လူနေမှုဘဝနှင့် စီးပွားရေးလုပ်ငန်းများ၌ မရှိမဖြစ်လိုအပ်သောထုတ်ကုန်များနှင့် ကုန်ကြမ်းများကို အများသိရှိစေရန် သတ်မှတ်ဖော်ပြမှုလည်းပြုလုပ်ခဲ့သည်။
၂၀၂၂ ခုနှစ် မေလတွင် ဂျပန်နိုင်ငံသည် စီးပွားရေးလုံခြုံရေးမူဝါဒအတွက် ပိုမိုထိရောက်ရှိစေသည့် စီးပွားရေးလုံခြုံမှုဥပဒေကို ပြဋ္ဌာန်း၍ ဥပဒေအရ အခြေခံကျကျ ပံ့ပိုးပေးခဲ့သည်။ အဆိုပါ ဥပဒေအရ ဂျပန်နိုင်ငံသည် ဆီမီးကွန်ဒတ်တာများနှင့် ကွမ်တမ်ကွန်ပျူတာ နည်းပညာများဆိုင်ရာ ပို့ကုန်ကန့်သတ်ချက်များကို တင်းကျပ်ခြင်းဖြင့် ၎င်း၏မူဝါဒကို အမေရိကန်နှင့် နယ်သာလန်တို့နှင့် ချိန်ညှိလုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်မှုအတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်မှာ အမေရိကန်၏ တစ်ဖတ်ပိတ်ဆို့အရေးမှုများနှင့် တရုတ်နိုင်ငံအခြေအနေ အပြောင်းအလဲများ ဖြစ်နိုင်သည်ဟုဆိုကြသည်။ ထို့ပြင် တရုတ်နိုင်ငံသည် နည်းပညာထုတ်ကုန်များကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုလာသည့် အချက်လည်းပါဝင်နိုင်သည်။ ထိုနှစ်တွင် တရုတ်နှင့် ဂျပန် ပို့ကုန်သွင်းကုန်ဆက်စပ်မှုမှာ ၂၀ ရာခိုင်နှုန်းရှိသည်။ ထိုအခြေအနေသည် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် အဓိကကျသော ဆီမီးကွန်ဒတ်တာစက်မှုလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် ထုတ်ကုန်များ ကျဆင်းမှု အလားအလာကို ပြသလျက်ရှိနေသည်။
မကြာသေးမီကဖြစ်ပေါ်နေသည့် သတင်းများက ဂျပန်နှင့် တရုတ်နှစ်နိုင်ငံ စီးပွားရေးအဆက်အစပ်များ ပြတ်တောက်တော့မည့်အခြေအနေကို အရိပ်အမြွက်ပြသကဲ့သို့ရှိနေသည်။ Mitsubishi Motors ကုမ္ပဏီ တရုတ်နိုင်ငံမှ ထွက်ခွာပြီးနောက် Honda ကုမ္ပဏီ သည်လည်း တရုတ်နိုင်ငံတွင် ၎င်း၏ထုတ်လုပ်မှု လုပ်သားအင်အားကို လျှော့ချရန် စီစဉ်နေသည်ဟုဆိုသည်။ ထိုအခြေအနေများသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံတွင်းဖြစ်ပေါ်နေသော တရုတ်လုပ်ငန်း ပြိုင်ဘက်များ၏ ပိုမိုပြင်းထန်သောပြိုင်ဆိုင်မှုများနှင့် မြင့်တက်လာသော လုပ်သားကုန်ကျစရိတ်များကြောင့်ဖြစ်သည်။ ဂျပန်ကုမ္ပဏီ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းသာ တရုတ်နိုင်ငံတွင် အမြတ်အစွန်းအခြေအနေကောင်းရခဲ့ပြီး ဂျပန်ကုမ္ပဏီ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ တရုတ်နိုင်ငံမှ တဖြည်းဖြည်းဆုတ်ခွာ သွားခဲ့ကြသည်။ ထိုအခြေအနေများကြောင့်ပင် ဂျပန်နှင့်တရုတ်စီးပွားရေးအတွဲအဆက်ပြုတ်တော့မည်လား တွေးထင်ကြခြင်းဖြစ်သည်။
သို့သော် ထိုအခြေအနေမျိုးရှိနေသည့်တိုင် အနာဂတ်အလားအလာများသည် နှစ်နိုင်ငံရင်ဆိုင်နေရသည့် ဖွဲ့စည်းမှုဆိုင်ရာ ရုတ်ခြည်းအပြောင်းအလဲများကို ကိုသာ ထင်ဟပ်နေသည်။ ဂျပန်၊ တရုတ်နှစ်နိုင်ငံသည် အတွဲအဆက်ဖြုတ်ရန် ပြင်နေခြင်းမဟုတ် ဒီကပ်ပလင်း (decouping) ဖြစ်ရန်မမြင်သေးဟု ဆိုသူများလည်းရှိနေသည်။ အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာအခြေအနေ အပြောင်းအလဲသက်ရောက်မှုများကြားတွင် ခြွင်းချက်တစ်ခုဖြစ်လာနိုင်သည်။ အာရှ-ပစိဖိတ်ဒေသည် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုဆီသို့ ဦးတည်ရွေ့လျားနေဆဲဖြစ်သည်ဟု သုံးသပ်နေကြသည်များလည်းရှိသည်။ Comprehensive and Progressive Agreement for Trans-Pacific Partneship (CPTPP နှင့် Regional Comprehensive Economic Partnership (CREP) တို့သည် ၂၀၁၈ ခုနှစ် ၂၀၂၂ ခုနှစ်တို့တွင် အသီးသီးအသက်ဝင်ခဲ့ပြီဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလတွင်ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲ၌ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယား သုံးနိုင်ငံလွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။ ထိုလုပ်ဆောင်မှုသည်လည်း ဒေသတွင်းအင်အားကြီးသုံးနိုင်ငံမှ ခေါင်းဆောင်များထံမှ ဆက်လက်လုပ်ဆောင်မည့် စီးပွားရေးဆက်ဆံမှုကို ဖော်ပြနေသည်။
ဂျပန်အစိုးရ၏ စီးပွားရေးလုံခြုံရေးအစလုပ်ဆောင်မှု၏ ရည်မှန်းချက်မှာ “small yard, high fence“ စကားအတိုင်း မိမိနိုင်ငံအခြေအနေကို အခြားနိုင်ငံများ သိရှိရန်မလိုဘဲ မိမိနိုင်ငံအတွက် ကာကွယ်နိုင်ရေးကိုသာ လုပ်ဆောင်ရန်ဖြစ်သည်ဟု သဘောမျိုးဟုယူဆသည်။ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အစိုးရ၏ အထောက်အပံ့ အကူအညီရရှိထားသည့် ဂျပန်ကုမ္ပဏီ ၈၇ ခုတွင် အများစုသည် လေကြောင်းနှင့်ပတ်သက်သည့် အစိတ်အပိုင်းများ၊ ဆေးဘက်ဆိုင်ရာကိရိယာတန်ဆာပလာများကဲ့သို့ နိုင်ငံ၏ မဟာဗျူဟာမြောက်အက်ဆက်များ ထုတ်လုပ်သည့်လုပ်ငန်းများဖြစ်သည်။ ဂျက်ထရို JETRO ၏ အစီအစဉ်များ၊ ပရောဂျက်များ သည် အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်သာဖြစ်သည်။
အဓိကရှုမြင်နိုင်သည့်အချက်မှာ ဂျပန်ကုမ္ပဏီများသည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းကို အခြေအနေနှင့် အချိန်အခါအရ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားလုပ်နေကြခြင်းဖြစ်ပြီး အများစုမှာ တရုတ်နိုင်ငံမှထွက်ခွာရန် အစီအစဉ်မရှိကြပေ။ လုပ်သားစရိတ်များ မြင့်တက်လာခြင်းနှင့် ဂျပန်နှင့် တရုတ်နှစ်နိုင်ငံရေး ဆက်ဆံရေး တင်းမာမှုစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ဂျပန်ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းအချို့ကို အာဆီယံနိုင်ငံများသို့ လွှဲပြောင်းပေးသည့် 'China Plus One' မဟာဗျူဟာကို ၂၀၁၀ ပြည့်နှစ် အစောပိုင်းကာလများတွင် စတင်ကျင့်သုံးခဲ့သည်။ COVID-19 ကပ်ရောဂါ ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသောအခါ ရောင်းလိုအားကွင်းဆက် ပြတ်တောက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဂျပန်ကုမ္ပဏီများစွာသည် 'China for China' မဟာဗျူဟာကို လက်ခံကျင့်သုံးခဲ့သည်။
တရုတ်နိုင်ငံတွင်လုပ်ကိုင်နေသည့် အခြားသောကုမ္ပဏီများကဲ့သို့ပင် ဂျပန်ကုမ္ပဏီများသည် ယူကရိန်းစစ်ပွဲကတည်းက အပြောင်းအလဲများကြားတွင် ၎င်းတို့၏ စီးပွားရေးဗျူဟာများ ပြင်ဆင်ရေးဆွဲ နေခဲ့ကြသည်။ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများသည် မက်ခရိုစီးပွားရေး ခန့်မှန်းချက်များပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် အဓိကအချက်များဖြစ်လာသည်။ ဂျပန်ကုမ္ပဏီများ၏ ပြောင်းလဲလာသော စဉ်းစားတွေးခေါ်မှုများတွင် ယခင်ကျင့်သုံးခဲ့သည့် 'China for China' မဟာဗျူဟာကို အားဖြည့်ပေးသကဲ့သို့ ဖြစ်လာနေသည်။
နည်းပညာသစ်တစ်ခုဖြစ်သည့် အီး-ကောမတ်စ် (e-commerce ) သည်လည်း ဂျပန်နှင့် တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် စီးပွားရေးပုံစံသစ်တစ်ခုကိုလည်း ဖန်တီးပေးခဲ့ပြီဖြစ်သည်။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းတွင် တရုတ်စားသုံးသူများသည် e-commerce မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄ ဘီလျံ တန်ဖိုးရှိ ဂျပန်ထုတ်ကုန်များကို ဝယ်ယူအသုံးပြုခဲ့သည်ကို တွေ့ရသည်။
သေချာသည်ဆိုနိုင်ပြီလော။ ဂျပန်-တရုတ် ဆက်ဆံရေးတွင် စီးပွားရေးအပြန်အလှန်မှီခိုမှုသည် အဓိကကျသော အကြောင်းတရားဖြစ်သဖြင့် ဂျပန်-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး အလွယ်တကူပျက်ပြားသွားနိုင်မည် မဟုတ်ပေ။ ၂၀၂၃ ခုနှစ် အထိ တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်နေဆဲ။ ဂျပန်သည် အမေရိကန်နိုင်ငံပြီးလျှင် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက် ဖြစ်နေဆဲ။
စီးပွားရေးပေါင်းစည်းမှုဆီသို့ ဆက်လက်ဦးတည်နေသည့် ဒေသတစ်ခုတွင် နိုင်ငံ့ခေါင်းဆောင်များသည် စီးပွားရေးဆက်ဆံရေး တည်ငြိမ်မှုရရှိစေရန် ပြင်းပြသောရည်ရွယ်ချက်ပြသရမည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးလုံခြုံရေးမူဝါဒသည် တရုတ်နိုင်ငံနှင့် လုံးလုံးလျားလျား အဆက်အစပ်ဖြတ်တောက်ရန် (fully decoupling) ရည်ရွယ်ချက်ရှိနိုင်မည်မဟုတ်။ ဂျပန်ကုမ္ပဏီများသည်လည်း ဒေသတွင်း၌ ပထဝီနိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ဂျပန်နှင့် တရုတ်နှစ်နိုင်ငံကြား စီးပွားရေးဖွဲ့စည်းမှု အပြောင်းအလဲများလုပ်ဆောင်ရာ၌ ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်နေကြလိမ့်မည်ဟု ခန့်မှန်းသုံသပ်နေကြသည်။
Ref: Japan And China’s Economies Are Adapting, Not Decoupling