PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် လာမည့်ရာသီတွင် အသင်း၌ ဆက်ရှိစေလိုပါက လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သတင်းထွက်ပေါ်လာခြင်းမှာ မမှန်ကန်ကြောင်း PSG အသင်းက တုံ့ပြန်ခဲ့သည်။
နေမာသည် PSG အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲမှ စောစောစီးစီးထွက်ခဲ့ရခြင်းအတွက် စိတ်ပျက်နေပြီး ရီးယဲလ်အသင်းကလည်း ၎င်းကို ခေါ်ယူရန် ဆန္ဒရှိနေခြင်းကြောင့် လာမည့်နွေရာသီတွင် ရီးယဲလ်အသင်းသို့ ရောက်ရှိသွားနိုင်သည်ဆိုသောသတင်းများ ဦးစွာထွက်ပေါ်ခဲ့သည်။
ထို့နောက် နေမာသည် PSG အသင်းတာဝန်ရှိသူများထံ လစာအဖြစ် တစ်ပတ်လျှင် ယူရို(၇)သိန်းခွဲမှ ယူရို(၁.၃)သန်းအထိ တိုးမြှင့်ပေးပါက အသင်းတွင်ဆက်နေမည်ဟု တောင်းဆိုခဲ့ကြောင်း ဗြိတိန်မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
သို့ရာတွင် PSG အသင်းက လစာတိုးတောင်းသည်ဆိုခြင်းမှာ သတင်းအမှားများသာဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်အထိ ချုပ်ဆိုထားသည့် လက်ရှိစာချုပ်ကို သက်တမ်းတိုးရန် ကမ်းလှမ်းရာတွင် လစာနှုန်းထားအသစ် ပါဝင်ခဲ့ခြင်းသာဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။