ပြိုင်ပွဲက မည်မျှခက်ခဲသလဲဆိုသည့်အပေါ် ဘောလုံးသုံးသပ်သူများ ဘယ်တော့မှ မမေ့သင့်ဟု အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းပြောကြား

ပြိုင်ပွဲက မည်မျှခက်ခဲသလဲဆိုသည့်အပေါ် ဘောလုံးသုံးသပ်သူများ ဘယ်တော့မှ မမေ့သင့်ဟု အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းပြောကြား
Photos: X
Photos: X
Published 25 June 2024

အင်္ဂလန်လက်ရွေးစင်အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သည့် တိုက်စစ်မှူး ဟာရီကိန်းက ၎င်းတို့အသင်း၏ ကစားပုံအပေါ် ဝေဖန်လျက်ရှိသည့် ဘောလုံးသုံးသပ်သူများအနေဖြင့် ပြိုင်ပွဲက မည်မျှခက်ခဲသလဲဆိုသည့်အချက်ကို ဘယ်တော့မှ မမေ့သင့်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အင်္ဂလန်အသင်း ပုံစံကောင်းမပြနိုင်ခြင်းအပေါ်တွင် အသင်းနည်းပြ ဆောက်ဂိတ်၊ အသင်းခေါင်းဆောင် ဟာရီကိန်းအပါအဝင် အဓိက ကစားသမားအချို့မှာ ဝေဖန်ပြစ်တင်ခံနေရပြီး ယင်းကဲ့သို့ ဝေဖန်ပြစ်တင်သူများထဲတွင်  အင်္ဂလန်အသင်း၏ ဂန္ထဝင်ကစားသမားများဖြစ်သည့် လိုင်နီကာ၊ ဂယ်ရီနဗီးလ်၊ အက်ရှ်လေကိုးလ်နှင့် အခြားနာမည်ကျော်ကစားသမားဟောင်းများစွာလည်း ပါဝင်ခဲ့သည်။

ယင်းကဲ့သို့ ဝေဖန်မှုများနှင့် ပတ်သက်ပြီး ဆလိုဗေးနီးယားအသင်းနှင့် ကစားမည့်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် ဟာရီကိန်းအား မီဒီယာများက မေးမြန်းခဲ့ရာ ကိန်းက ''ကျွန်တော်က ဘယ်တုန်းကမှ ဘယ်ကစားသမားဟောင်းကိုမဆို မလေးမစား ပြုမူတဲ့ အလုပ်မျိုးကို မလုပ်ခဲ့ပါဘူး။ အထူးသဖြင့် အင်္ဂလန်အသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခဲ့ကြပြီး အင်္ဂလန်အတွက် ကိုယ်စားပြုရတာ ဘယ်လိုဆိုတာကို ကောင်းကောင်းသိတဲ့ ကစားသမားဟောင်းတွေနဲ့ ပတ်သက်ရင်ပေါ့။ ဒါပေမဲ့ အခုအချိန်မှာ အင်္ဂလန်ကစားသမားဟောင်းတွေ သိထားရမှာက ဘယ်ကစားသမားက အသုံးမကျဘူး၊ ဘယ်ကစားသမားက အဆင်မပြေဘူးဆိုတာတွေက ကစားသမားသစ်တွေအတွက် အဆင်မပြေပါဘူး။ သူတို့က သူတို့ရဲ့ အမြင်တွေကို ရိုးရိုးသားသား ပြောကြတယ်ဆိုတာကို ကျွန်တော်ယုံပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့လည်း ကစားသမားဟောင်းကြီးတွေဖြစ်တဲ့အတွက် သူတို့ပြောတဲ့ စကားတွေကို ပရိသတ်တွေက ဘယ်လောက်တောင် ဂရုတစိုက်နားထောင် နေကြသလဲဆိုတာကို နားလည်မယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ့်အဖြစ်မှန်ကိုကြည့်ရင် ကျွန်တော်တို့ အင်္ဂလန်အသင်းဟာ ဘာအောင်မြင်မှုမှ မည်မည်ရရ မရခဲ့တာ နှစ်ပေါင်းတော်တော်လေးကို ကြာနေပါပြီ။ (ဝေဖန်နေသူများလည်း အင်္ဂလန်အသင်းအတွက် မည်သည့် အောင်မြင်မှုကိုမျှ မယူပေးနိုင်ခဲ့ခြင်းကို ဆိုလို) ဘာကြောင့်လဲဆိုတော့ ဒီပြိုင်ပွဲက ဗိုလ်စွဲဖို့ အရမ်းကို ခက်ခဲတဲ့ပြိုင်ပွဲ ဖြစ်လို့ပါ။ ဒါကြောင့် အသင်းကို အကူအညီမဖြစ်စေတဲ့ တူးဆွမှုတွေ မလုပ်မိဘဲ ကစားသမားတွေအပေါ် ပရိသတ်တွေဆီက ဖိအားတွေနဲ့ဝေးအောင် ကူညီသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ဟာရီကိန်း၏ စကားအပေါ် အင်္ဂလန်လက်ရွေးစင်အသင်း ဂိုးသမားဟောင်း ဂျိုးဟတ်ကလည်း ထောက်ခံသွားခဲ့ပြီး ဝေဖန်သူများအနေဖြင့် ကစားသမားများဆီမှ ဖိအားအကြောင်းကို ပြောလာပြီဆိုလျှင် နားလည်သင့်သည်ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent