ကာဆက်ဆက်အသင်းနှင့် သရေကျခဲ့သည်ပွဲတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် တိုက်စစ်မှူးသန်းပိုင် နှစ်ဂိုးသွင်းယူခဲ့ပြီး ယခုရာသီ သွင်းဂိုး သုံးဂိုးရှိလာပြီဖြစ်

ကာဆက်ဆက်အသင်းနှင့် သရေကျခဲ့သည်ပွဲတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် တိုက်စစ်မှူးသန်းပိုင် နှစ်ဂိုးသွင်းယူခဲ့ပြီး ယခုရာသီ သွင်းဂိုး သုံးဂိုးရှိလာပြီဖြစ်
Photo: KPFC
Photo: KPFC
Published 16 September 2024

မြန်မာ့ရွေးစင်အသင်းတိုက်စစ်မှူး သန်းပိုင်သည် ယခုတစ်ပတ် ကာဆက်ဆက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ထိုင်းလိဂ် -၂ ပြိုင်ပွဲတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် ထိုင်းလိဂ်ပြိုင်ပွဲများကို စက်တင်ဘာ ၁၄၊ ၁၅ ရက်များက ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်းလိဂ်များတွင် သွားရောက်ကစားနေသည့် မြန်မာကစားသမားများထဲမှ တိုက်စစ်မှူးသန်းပိုင်က ဂိုးသွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းလိဂ်-၁ ပြိုင်ပွဲတွင် မောင်မောင်လွင်၏ လမ်ဖွန်အသင်းမှာ ရတ်ချာဘူရီအသင်းကို(၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး မောင်မောင်လွင်မှာမူ ပွဲကစားချိန်(၈၃) မိနစ်ရောက်မှ ဝင်ရောက်ကစားခွင့်ရခဲ့သည်။

အောင်သူ၏ အူထိုင်းထာနီအသင်းမှာ လွင်မိုးအောင်၏ ရရောင်းအသင်းကို(၃-၁) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း မြန်မာကစားသမားနှစ်ဦးစလုံးမှာ ဝင်ရောက်ကစားခွင့်မရခဲ့ကြောင်း သိရသည်။

ထိုင်းလိဂ်-၂ ပြိုင်ပွဲတွင် နောက်ခံလူဇော်မင်းထွန်း၏ ထရတ်အသင်းမှာ ဖာရေးယူနိုက်တက်အသင်းကို(၁-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သလို ဇော်မင်းထွန်းမှာလည်း ဝင်ရောက်ကစားခွင့်မရခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူးသန်းပိုင်၏ ကန်ချနာဘူရီပါ၀ါအသင်းသည် အဝေးကွင်းတွင် ကာဆက်ဆက်အသင်းနှင့်(၃-၃) ဂိုးဖြင့် သရေကျခဲ့ပြီး ယင်းပွဲတွင် သန်းပိုင်မှာ ပွဲထွက်ကစားခွင့်ရခဲ့သည်။

သန်းပိုင်သည် ယင်းပွဲတွင် ပွဲကစားချိန်(၈) မိနစ်တွင် အသင်းအတွက် ဦးဆောင်ဂိုးကို တစ်ဖက်အသင်းဂိုးသမားနှင့် အနီးကပ်တွေ့ ပြီး မြေနိမ့်ဘောသွင်းယူခဲ့ခြင်းဖြစ်သည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ပထမပိုင်းအပြီးတွင် နှစ်ဂိုးပြတ်ဦးဆောင်နေခဲ့သော်လည်း သုံးဂိုးပြန်ပေးခဲ့ရကာ ပွဲကစားချိန် မိနစ်(၈၀) ကျော်အထိ (၂-၃) ဂိုးဖြင့် ရှုံးနိမ့်နေသည်။

ပွဲကစားချိန်(၈၆) မိနစ်တွင် သန်းပိုင်က တစ်ဖက်နောက်တန်းလူဆီမှ ပြန်လျံထွက်လာသည့်ဘောလုံးကို အမှတ်မထင် ပိတ်သွင်းယူနိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် (၃-၃) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

သန်းပိုင်သည် ယခုရာသီတွင် ကန်ချနာဘူရီပါ၀ါအသင်းအတွက် သုံးဂိုးသွင်းယူပေးထားပြီဖြစ်သည်။

ထိုင်းလိဂ်-၂ ကလပ် ကန်ချနာဘူရီပါ၀ါအသင်းသည် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး သန်းပိုင်ကို ယခုရာသီအစက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူထားခြင်းဖြစ်သည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် သန်းပိုင်၏ ခြေစွမ်းကို ပထမအကျော့ပြီးဆုံးချိန် ရာသီဝက်အထိ စောင့်ကြည့်သွားမည်ဖြစ်ပြီး ခြေစွမ်းပေါ်မူတည်၍ သက်တမ်းတိုးစာချုပ် ဆက်လက်ချုပ်ဆိုမည်ဖြစ်ကြောင်း သိရသည်။

ကန်ချနာဘူရီပါ၀ါအသင်းသည် ယခုရာသီ ထိုင်းလိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၅) အပြီးတွင် နိုင်ပွဲမရသေးဘဲ လေးပွဲသရေ၊ တစ်ပွဲရှုံး၊ ရမှတ်(၄) မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁၄) နေရာတွင် ရပ်တည်နေသည်။

သန်းပိုင်သည် ပြီးခဲ့သည့်ရာသီတွင် ချင်းမိုင်ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၁၆ ပွဲကစားခွင့်ရရှိပြီး သုံးဂိုး သွင်းယူခဲ့သည်။ 

 

Most Read

Most Recent