YGEA သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရွှေများရောင်းချပေးလျက်ရှိသည့် ရွှေဆိုင်များထပ်တိုးလာ

YGEA သတ်မှတ်ရွှေဈေးနှုန်းဖြင့် ရွှေများရောင်းချပေးလျက်ရှိသည့် ရွှေဆိုင်များထပ်တိုးလာ
Published 18 June 2024

YGEA သတ်မှတ်ရွှေစျေးနှုန်းဖြင့် ရွှေများရောင်းချပေးလျက်ရှိသည့် ရွှေဆိုင်များထပ်တိုးလာကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဇွန် ၁၄ ရက်တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချလျက်ရှိသည့် ရွှေဆိုင်များမှာ ရွှေစင်အကယ်ဒမီရွှေဆိုင်၊ အကယ်ဒမီရွှေဆိုင်နှင့် အောင်သမာဓိရွှေဆိုင်တို့ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဇွဲထက်စိန်ရွှေရတနာဆိုင်၊ ၀ိန့်စိန်ရွှေဆိုင်၊ 29 စိန်ရွှေရတနာဆိုင်တို့ဖြစ်သည်။

ဇွန် ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ တာလီစိန်ရွှေရတနာဆိုင်၊ ရွှေနန်းတော်စိန်ရွှေရတနာဆိုင်နှင့် မန္တလေးတိုင်းဒေသကြီးရှိ မြန်မာချမ်းသာရတနာဆိုင်တို့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း YGEA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

YGEA က ထုတ်ပြန်ထားသည့် ဓာတ်ပုံအချို့တွင်လည်း ရွှေဝယ်ယူရန် လူများတန်းစီစောင့်ဆိုင်းနေသည်ကိုလည်း တွေ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဇွန်လတွင် ထုတ်ပြန်ထားချက်အရ ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသော ပွဲစားများ အပါအဝင် စုစုပေါင်း တရားခံ ၂၁ ဦးကို ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ ၂၁ ဦး၏ ထွက်ဆိုချက်များအရ ပြည်တွင်းရွှေစျေးကွက်အတွင်း စျေးနှုန်းမတည်မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့် တရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့သော်လည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ၁၀ ဦးမှာ ပန်းဘဲတန်းမြို့နယ်ရှိ စိန်ကျော်မိုး‌ရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ခရမ်းသုံးခွရွှေဆိုင်မှ ဦးသက်နောင်ဝင်း၊ လသာမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်မြေသာစံမြို့နယ်ရှိ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ လမ်းမတော်မြို့နယ်ရှိ ၀ိန့်စိန်ရွှေဆိုင်မှ ဦး အောင်ကောင်းမြတ်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဇင်ဝင်း‌ရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပွဲစား ဦးကျော် ဝင်း (ခ) ပန်းသီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပွဲစား ဦးညီညီဦး (ခ) ချက်ကြီး၊ လမ်းမ‌တော်မြို့နယ်မှ ပွဲစား ဒေါ်တင်တင် (ခ) စန္ဒာတင်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကလည်း တစ်ရက်လျှင် သုံးကြိမ်ဖြင့် ရွှေစျေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိကြောင်း သိရပြီး ယင်းစျေးနှုန်းဖြင့်သာ ရွှေဆိုင်များအနေဖြင့် အရောင်းအဝယ်ပြုလုပ်ကြရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

ဇွန် ၁၈ ရက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် အကယ်ဒမီမီးလင်းရွှေစျေးကွက်စျေးနှုန်းသည် တစ်ကျပ်သားလျှင်  လေးဆယ့် ငါးသိန်း ရှစ်သောင်း ရှစ်ထောင် နှစ်ရာတစ်ဆယ့်ခြောက်ကျပ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent