အင်တာမိုင်ယာမီနှင့် စာချုပ်မချုပ်ဆိုမီ မက်ဆီကို ယူရို(၁.၄)ဘီလီယံဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း အယ်လ်ဟီလာဥက္ကဋ္ဌ ဖွင့်ဟ

အင်တာမိုင်ယာမီနှင့် စာချုပ်မချုပ်ဆိုမီ မက်ဆီကို ယူရို(၁.၄)ဘီလီယံဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း အယ်လ်ဟီလာဥက္ကဋ္ဌ ဖွင့်ဟ
Photo: Fabrizio
Photo: Fabrizio
Published 17 June 2024

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၏ ဥက္ကဋ္ဌဖြစ်သူ အန်မာအယ်လ်ဟေလီက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို အင်တာမိုင်ယာမီနှင့် စာချုပ်မချုပ်ဆိုမီ ယူရို(၁.၄) ဘီလီယံဖြင့် ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့သည်။

အယ်လ်ဟီလာအသင်းသည်  ဘရာဇီးလ်တိုက်စစ်မှူး နေမာအပါအဝင် နာမည်ကျော်ကစားသမားများစွာကို ခေါ်ယူခဲ့သည့်အသင်းဖြစ်ပြီး PSG အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသင်းသစ်ထံ မရောက်ရှိသေးသည့် မက်ဆီကို မယုံနိုင်ဖွယ်ငွေကြေးပမာဏဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအချိန်ကတည်းက မက်ဆီကို ငွေပုံပေး၍ ခေါ်ယူရန် ဆော်ဒီကလပ်များက ကြိုးပမ်းနေကြောင်း သတင်းထွက်ခဲ့သော်လည်း ကမ်းလှမ်းခဲ့သည့် ငွေကြေးပမာဏအတိအကျကိုမူ မသိရှိခဲ့ရပေ။

ယခုအခါ အယ်လ်ဟီလာအသင်းဥက္ကဋ္ဌ အန်မာအယ်လ်ဟေလီကိုယ်တိုင်က ဖွင့်ဟပြောကြားခဲ့ခြင်းဖြစ်သည်။

''PSG နဲ့ စာချုပ်ပြည့်သွားချိန်မှာ မက်ဆီကို ကျွန်တော်တို့ အမှန်တကယ် ဆက်သွယ်ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ယူရို(၁.၄)ဘီလီယံနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူ့မိသားစုက အမေရိကန်ကို သွားချင်နေတာကြောင့် ငြင်းပယ်ခဲ့ပါတယ်။ မိသားစုအတွက်နဲ့ ဒီလောက်များပြားတဲ့ ငွေကြေးပမာဏကို ငြင်းပယ်ခဲ့တာ အံ့အားသင့်စရာကောင်းပါတယ်။ သူက မိသားစုကို စည်းရုံးသိမ်းသွင်းလို့ ရပေမဲ့ ငြင်းပယ်ဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။ ဒါကို ကျွန်တော်တို့ လေးစားပါတယ်။ ဘာကြောင့်လဲဆိုတော့ မိသားစုဆိုတာ ငွေကြေးထက် ပိုပြီးအရေးကြီးတာကြောင့်ပါ''ဟု အန်မာအယ်လ်ဟေလီက ဆိုခဲ့သည်။

မက်ဆီသည် မိသားစု၏ ဆန္ဒအတိုင်း အမေရိကန်သို့ ပြောင်းရွှေ့ခဲ့ပြီး အင်တာမိုင်ယာမီအသင်းနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ယခုအခါ ၎င်းက အင်တာမိုင်ယာမီအသင်းသည် ကစားသမားဘဝ၌ နောက်ဆုံးကလပ်အသင်းဖြစ်နိုင်ဖွယ်ရှိကြောင်းလည်း ပြောကြားထားသည်။

 

Most Read

Most Recent