မင်္ဂလာဒုံမြို့နယ်တွင် ရပ်ထားသည့် သဲကားနှင့် ထော်လာဂျီကားပေါ်သို့ ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်မှုဖြစ်ပွားရာ ကလေးတစ်ဦးအပါအဝင် သုံးဦး မီးလောင်သေဆုံး

မင်္ဂလာဒုံမြို့နယ်တွင် ရပ်ထားသည့် သဲကားနှင့် ထော်လာဂျီကားပေါ်သို့ ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်မှုဖြစ်ပွားရာ ကလေးတစ်ဦးအပါအဝင် သုံးဦး မီးလောင်သေဆုံး
Published 17 June 2024

မင်္ဂလာဒုံမြို့နယ်တွင် ရပ်ထားသည့် သဲကားနှင့် ထော်လာဂျီကားပေါ်သို့ ဓာတ်ကြိုးပြတ်ကျပြီး မီးလောင်မှုဖြစ်ပွားရာ ကလေးတစ်ဦးအပါအဝင် သုံးဦး မီးလောင်သေဆုံးခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဇွန် ၁၇ ရက် နံနက် ၈ နာရီခွဲကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာသို့ ရောက်ရှိချိန်တွင် မော်တော်ယာဉ်များမှာ မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ခဲ့ရသည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“မနက်က ၈ နာရီခွဲကျော်လောက် ဖုန်းဝင်လာတော့ မီးလောင်တယ်ဆိုတော့ ပထမ မီးသတ်ကားလွှတ်ပေးလိုက်တယ်။ အခင်းဖြစ်နေရာရောက်တော့မှ သဲကားနဲ့ ထော်လာဂျီကြားထဲမှာ Dead Body သုံးလောင်းတွေ့ခဲ့ရတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူမှာ သုံးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် အမျိုးသားနှစ်ဦးဖြစ်ပြီး ကလေးငယ်နှင့် အမျိုးသားတစ်ဦးမှာ သားအဖဖြစ်သည်ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

“ကလေးနဲ့ အမျိုးသားတစ်ယောက်က သားအဖတော်တယ်။ သူတို့အလောင်းတွေကတော့ ခက်ခက်ခဲခဲမထုတ်လိုက်ရဘူး။ ကျန်တဲ့အမျိုးသားတစ်ဦးရဲ့အလောင်းကတော့ ကားကြားထဲမှာညပ်နေလို့ ကားကို ဖယ်ပြီးတော့မှ ထုတ်လိုက်ရတယ်” ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်သို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ် နှစ်စီး၊ လူနာတင်ယာဉ်နှစ်စီး၊ အလောင်းတင်ယာဉ် တစ်စီး၊ စေတနာ့ဝန်ထမ်း ၃၀ ဖြင့် ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် ယာဉ်များကိုလည်း မီးငြိမ်းသတ်ခဲ့ပြီး အလောင်းများကို မေဓာဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

Most Read

Most Recent