ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်နိုင်ဖွယ်ရှိကြောင်း ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်နိုင်ဖွယ်ရှိကြောင်း ရီးယဲလ်နည်းပြ အန်ဆယ်လော့တီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 11 June 2024

ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ၂၀၂၅ ခုနှစ်တွင် ယှဉ်ပြိုင်ကစားရမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်နိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)မှ ကြီးမှူးကျင်းပသည့် ပြိုင်ပွဲဖြစ်ပြီး လာမည့် ၂၀၂၅ ပြိုင်ပွဲမှစ၍ ပြိုင်ပွဲဝင်အသင်း (၃၂)သင်းပါဝင်သည့် ပြိုင်ပွဲအဖြစ် တိုးမြှင့်ကျင်းပရန် စီစဉ်ထားသည်။

ထို့ကြောင့် ပြိုင်ပွဲကာလမှာလည်း တစ်လဝန်းကျင် ကြာမြင့်မည် ဖြစ်သောကြောင့် ပရီးမီးယားလိဂ်ကလပ်အသင်းများက ယင်းပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းမပြုဘဲ သပိတ်မှောက်ဖွယ်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတင်းထွက်ပေါ်ခဲ့သည်။

ယခုအခါ ရီးယဲလ်အသင်းကလည်း သပိတ်မှောက်ဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီက ''ရီးယဲလ်အသင်းရဲ့ ပွဲတစ်ပွဲက သန်း(၂၀)လောက် တန်ကြေးရှိပါတယ်။ ဖီဖာက အဲဒီပမာဏကို ပြိုင်ပွဲတစ်ခုလုံးအတွက် ပေးချေဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့လိုပဲ တခြားအသင်းတွေကလည်း ဖီဖာရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ကြပါလိမ့်မယ်''ဟု ဆိုခဲ့သည်။

ဖီဖာ၏ အစီအစဉ်အရ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရမည့် (၃၂)သင်းအနက် (၂၉)သင်း အဖြေပေါ်နေပြီဖြစ်ပြီး (၃)သင်းသာ အဖြေပေါ်ရန် ကျန်ရှိတော့ကြောင်း သိရသည်။

ဥရောပကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခွင့်ရမည့် (၁၂)သင်းစလုံး အဖြေပေါ်နေပြီဖြစ်ပြီး ယင်းအသင်းများမှာ ချယ်လ်ဆီး၊ ရီးယဲလ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာလ်ဇ်ဘာ့ဂ်တို့ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent