ဂရိလက်ရွေးစင် ညာနောက်ခံလူ ဘဲလ်ဒေါ့ခ်ကို နေအိမ်ရှိ ရေကူးကန်အတွင်း သေဆုံးလျက်တွေ့ရှိ

ဂရိလက်ရွေးစင် ညာနောက်ခံလူ ဘဲလ်ဒေါ့ခ်ကို နေအိမ်ရှိ ရေကူးကန်အတွင်း သေဆုံးလျက်တွေ့ရှိ
Photo: AP
Photo: AP
Published 10 October 2024

ဂရိကလပ် ပါနာသီနိုင်ကို့စ်အသင်းတွင် ကစားနေသည့် ဂရိလက်ရွေးစင် ညာနောက်ခံလူ ဇော့ဘဲလ်ဒေါ့ခ်ကို အောက်တိုဘာ ၉ ရက် ညပိုင်းက နေအိမ်ရှိ ရေကူးကန်အတွင်း သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အသက် ၃၁ နှစ်ရှိပြီဖြစ်သူ ဘဲလ်ဒေါ့ခ်သည် ယခုနွေရာသီတွင် ရှက်ဖီးယူနိုက်တက်အသင်းမှ ပါနာသီနိုင်ကို့စ်အသင်းသို့ ပြောင်းရွှေ့ကစားနေသူဖြစ်သည်။

အင်္ဂလန်နိုင်ငံ၌ နေထိုင်သည့် ဇနီးဖြစ်သူက ဘဲလ်ဒေါ့ခ်ကို နာရီပေါင်းများစွာ ဆက်သွယ်၍မရသဖြင့် နေအိမ်ပိုင်ရှင်ဖြစ်သူက သွားရောက်ကြည့်ရှုစဉ် ၎င်းအား ဂရိနိုင်ငံ အေသင်မြို့တောင်ပိုင်း၊ ဆင်ခြေဖုံးမြို့ဖြစ်သည့် ဂလီဖာဒါရှိ နေအိမ်ရေကူးကန်အတွင်း သေဆုံးလျက်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့အနေဖြင့် ၎င်းအား အသက်ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ဘဲ ဆေးဘက်ဆိုင်ရာ အရေးပေါ်ဌာနက သေဆုံးမှုကို အတည်ပြုခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုကို ကိုးကား၍ Reuters သတင်းအေဂျင်စီက ဖော်ပြသည်။

ဘဲလ်ဒေါ့ခ်သေဆုံးချိန်မှာ ဒေသစံတော်ချိန် ည ၁၀ နာရီ (မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက် နံနက် ၁ နာရီခွဲ) ဖြစ်ပြီး သေဆုံးရသည့်အကြောင်းရင်းကိုမူ မသိရသေးပေ။

'' ဇော့ကွယ်လွန်ကြောင်း ဝမ်းနည်းစွာနဲ့ အတည်ပြုပါတယ်။ မိသားစုတစ်ခုအနေနဲ့ ဒီလိုဆိုးရွားလှတဲ့ ဆုံးရှုံးမှုအတွက် တုန်လှုပ်မိပါတယ်'' ဟု ၎င်း၏မိသားစုက သေဆုံးမှုကို အတည်ပြုထုတ်ပြန်ခဲ့သည်။

ဘဲလ်ဒေါ့ခ်သည် အင်္ဂလန်ကလပ် MK ဒွန်းစ်အသင်း၏ လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသူဖြစ်ပြီး MK ဒွန်းစ်စီနီယာအသင်းအပြင် နော့သမ်တန်၊ တမ်ဝို့သ်၊ အောက်စဖို့ဒ်၊ ရှက်ဖီးယူနိုက်တက် စသည့် အင်္ဂလန်ကလပ်များနှင့် အိုက်စလန်ကလပ် IBV အသင်းတွင်လည်း ကစားခဲ့ဖူးသည်။

၎င်းသည် ရှက်ဖီးယူနိုက်တက်အသင်းတွင် ၂၀၁၇-၂၀၁၈ မှ ၂၀၂၃-၂၀၂၄ ရာသီအထိ ခုနစ်ရာသီကြာ ပါဝင်ကစားခဲ့ပြီး ယခုနွေရာသီတွင် စာချုပ်ကုန်ဆုံးပြီးနောက် ပါနာသီနိုင်ကို့စ်အသင်းသို့ သုံးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

ပါနာသီနိုင်ကို့စ်အသင်း၊ ရှက်ဖီးယူနိုက်တက်အသင်း၊ ဂရိဘောလုံးအဖွဲ့ချုပ်၊ ဘဲလ်ဒေါ့ခ်နှင့် အသင်းဖော်ဖြစ်ခဲ့သူများကလည်း ၎င်း၏သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း လူမှုမီဒီယာများတွင် ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

Most Read

Most Recent