တတိယမြောက် ရာထူးသက်တမ်းအတွက် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ကျမ်းသစ္စာကျိန်ဆို

တတိယမြောက် ရာထူးသက်တမ်းအတွက် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ကျမ်းသစ္စာကျိန်ဆို
ဇွန် ၉ ရက်က တတိယမြောက် ရာထူးသက်တမ်းအတွက် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ကျမ်းသစ္စာကျိန်ဆိုနေစဉ်(Photo: AFP)wor
ဇွန် ၉ ရက်က တတိယမြောက် ရာထူးသက်တမ်းအတွက် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ ကျမ်းသစ္စာကျိန်ဆိုနေစဉ်(Photo: AFP)wor
Published 10 June 2024

အိန္ဒိယ အထွေထွေရွေးကောက်ပွဲတွင် မျှော်လင့်ထားသလောက် ရလဒ်ကောင်းများမရရှိခဲ့သည့်အတွက် အစိုးရဖွဲ့ရန်ညွန့်ပေါင်း မဟာမိတ်များအပေါ်မှီခိုခဲ့ရပြီးနောက် ဝန်ကြီးချုပ် နရင်ဒရာမိုဒီသည် ၎င်း၏ တတိယ မြောက် ရာထူးသက်တမ်းအတွက် ဇွန် ၉ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ ဘာရာတီယာဂျနာတာ (BJP) ပါတီသည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်လျှောက်လုံး ပြတ်သားသည့် အနိုင်ရလဒ်ဖြင့် တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပြီး ၂၀၁၄ နှင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။

လတ်တလော ကျင်းပခဲ့သည့်အထွေထွေရွေးကောက်ပွဲ၏ တရားဝင်မဲရလဒ်များကို ဇွန် ၅ ရက်က ထုတ်ပြန်ခဲ့ရာတွင် BJP ပါတီက အမတ်နေရာ ၂၄၀ ရရှိခဲ့ပြီး အောက်လွှတ်တော်၏ အမတ်နေရာအများစုကို ထိန်းချုပ်နိုင်ရန် လိုအပ်သည့် အရေအတွက်ဖြစ်သော အမတ်နေရာ ၂၇၂ နေရာအောက် သိသိသာသာ လျော့နည်းခဲ့သည်။

သို့သော် NDA ညွန့်ပေါင်းအုပ်စုဝင် ပါတီအားလုံးသည် အမတ်ဦးရေ ၅၄၃ နေရာရှိအောက်လွှတ်တော်တွင် အမတ်နေရာ ၂၉၃ နေရာရရှိခဲ့သည်။

NDA မဟာမိတ်ပါတီများမှ ဝန်ကြီး ၁၁ ဦး အပါအဝင်အဖွဲ့ဝင် ၇၁ ဦး ပါဝင်သည့် အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်မည်ဟု မိုဒီ၏ ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပြီး အသေးစိတ် ပြောကြားခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့် အစိုးရသက်တမ်း၌ မိုဒီ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီး ၈၁ ဦး ပါဝင်သည်။

BJP ပါတီမှ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် ၎င်း၏ညွန့်ပေါင်းမဟာမိတ်ပါတီများ၏ ခေါင်းဆောင်များခြံရံလျက် ၎င်း၏ရာထူးအာဏာကို တရားဝင်လက်ခံရယူသည့် အခမ်းအနားတွင် မိုဒီက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

သမ္မတအိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့များက တန်းစီနေရာယူထားပြီး မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားသို့ ထောင်နှင့်ချီသည့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့သည်။

လက်ခုပ်သြဘာပေးနေသည့် ပရိသတ်များထဲတွင် BJP ပါတီသစ္စာခံများ၊ ဘောလိဝုဒ်၏ ဂန္ထဝင်မင်းသားကြီး ရှရွတ်ခန်း၊ ဘီလျံနာသူဌေးကြီး ဂေါ်တမ်အဒါနီနှင့် မူကက်ရှ်အမ်ဘာနီကဲ့သို့ အထင်ကရပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၊ မော်ဒိုက်နှင့် သီရိလင်္ကာအပါအဝင် အိမ်နီးချင်းတောင်အာရှနိုင်ငံများမှ ခေါင်းဆောင်များလည်း မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ပြီး ပြိုင်ဘက် အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့်ပါကစ္စတန်တို့က တက်ရောက်ခဲ့ခြင်းမရှိပေ။

မိုဒီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ မစတင်မီတွင် အိန္ဒိယအုပ်ချုပ်ခံ ကက်ရှ်မီးယားဒေသ၌ ဟိန္ဒူဘုရားဖူးများကို တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စီးကို သေနတ်သမားများက ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်ဟု ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။ ယင်းဘတ်စ်ကားသည် ချောက်ထဲသို့ ထိုးကျခဲ့သည့်အတွက် လူကိုးဦးထက်မနည်း သေဆုံးခဲ့သည်။

သြဇာအကြီးဆုံး အစိုးရအဖွဲ့ ရာထူးနေရာ လေးနေရာအပါအဝင် ထိပ်ပိုင်းနေရာများကို BJP ပါတီက ဆက်လက်ချုပ်ကိုင်ထားမည်ဖြစ်ကြောင်း ပြည်တွင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလျက်ရှိသည်။

မိုဒီ၏ အစိုးရအဖွဲ့သစ်တွင် ၎င်း၏ထိပ်တန်း မဟာမိတ်များဖြစ်သည့် ရာနက်သ်ဆင်း၊ အာမစ်ရှားနှင့် နီတင်ဂတ်ကာရီတို့က ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် ပို့ဆောင်ရေးဝန်ကြီးအဖြစ် အသီးသီးတာဝန်ယူမည်ဖြစ်သည်။ ညွန့်ပေါင်းအဖွဲ့ဝင်ပါတီကြီးများက ၎င်းတို့၏ ထောက်ခံမှုအတွက် ကြီးကြီးမားမားတောင်း ဆိုမှုများ ပြုလုပ်ထားသည်။   

Ref : AFP

Most Read

Most Recent