ပြီးခဲ့သည့်ဘောလုံးရာသီအား ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးမှသာ တန်ဟက်ဂ်၏ အနာဂတ်ကို မန်ယူအသင်း ဆုံးဖြတ်လိမ့်မည်ဟု Sky Sports ဖော်ပြ

ပြီးခဲ့သည့်ဘောလုံးရာသီအား ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးမှသာ တန်ဟက်ဂ်၏ အနာဂတ်ကို မန်ယူအသင်း ဆုံးဖြတ်လိမ့်မည်ဟု Sky Sports ဖော်ပြ
Photo : Getty Images
Photo : Getty Images
Published 27 May 2024

နာမည်ကျော် ဗြိတိန်အားကစားမီဒီယာတစ်ခုဖြစ်သည့် Sky Sports က မန်ယူအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီအား ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးမှသာ နည်းပြ တန်ဟက်ဂ်၏ အနာဂတ်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တန်ဟက်ဂ်သည် မန်ယူအသင်းကို ၂၀၂၃-၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပရီးမီးယားလိဂ်ခေတ်တစ်လျှောက် အနိမ့်ဆုံးရပ်တည်မှုအဖြစ် အဆင့်(၈)နေရာသာ ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း စနေနေ့က ယှဉ်ပြိုင်ခဲ့သော FA ဖလားဗိုလ်လုပွဲတွင် မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အနိုင်ယူကာ ဆုဖလားအောင်ပွဲနှင့်အတူ ယူရိုပါလိဂ်ဝင်ခွင့် ရယူပေးနိုင်ခဲ့သည်။

၎င်းသည် ပွဲဦးထွက်ကိုင်တွယ်ခဲ့သည့် ၂၀၂၂-၂၃ ရာသီတွင်လည်း လိဂ်ဖလားချန်ပီယံဆု ရယူပေးနိုင်ခဲ့သည့်အတွက် မန်ယူအသင်းကို နှစ်ရာသီဆက်တိုက် ဆုဖလားအောင်ပွဲ ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တန်ဟက်ဂ်သည် အစောပိုင်းက ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟု သတင်းကြီးနေသော်လည်း ယခုအခါ အသင်းတာဝန်ရှိသူများ၏ သဘောထားပြောင်းလဲသွားဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်လာခဲ့သည်။

တန်ဟက်ဂ်ကမူ မန်ယူအသင်း အလိုမရှိတော့ပါက ထွက်ခွာသွားမည်ဖြစ်ပြီး တခြားနေရာ၌ ဆုဖလားများ ရယူသွားမည်ဟု FA ဖလားဗိုလ်လုပွဲ အပြီးတွင် ပြောကြားခဲ့သည်။ "(၂)နှစ်အတွင်းမှာ ဆုဖလားနှစ်လုံးက မဆိုးပါဘူး။ (၂)နှစ်အတွင်းမှာ ဗိုလ်လုပွဲသုံး ကြိမ်ရောက်ရှိတာက မဆိုးပါဘူး။ သူတို့က ကျွန်တော့်ကို အလိုမရှိဘူးဆိုရင် ဆုဖလားတွေရယူဖို့ တခြားနေရာကို သွားမှာပါ။ ဘာလို့လဲဆိုတော့ ဒါက ကျွန်တော်လုပ်နေတဲ့ အရာဖြစ်လို့ပါ။ သူတို့ (ပူးတွဲရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်)က ကျွန်တော့်ကို ထောက်ခံကြောင်း အမြဲတမ်းပြောပါတယ်။ အဲဒါ ခင်ဗျားကို ဘယ်နှခါပြောရမလဲ။ အချိန်တိုင်းမှာ မေးခွန်းက အတူတူပဲ။ ကျွန်တော်က ကိုယ့်ဘာသာ ၁၀ ကြိမ်၊ ၁၅ ကြိမ်၊ အကြိမ် ၂၀ လောက် ထပ်ခါတလဲလဲ ပြောနေရမလား" ဟု ၎င်းက မီဒီယာများကို တုံ့ပြန်ပြောကြားခဲ့သည်။

FA ဖလားချန်ပီယံဆုကြောင့် တန်ဟက်ဂ်အပေါ် ပရိသတ်များ၏ထောက်ခံမှု မြင့်တက်လာခဲ့သော်လည်း  ပရိသတ်အချို့ကမူ တန်ဟက်ဂ်၏ အနာဂတ်အား FA ဖလားဗိုလ်လုပွဲရလဒ်အပေါ် အခြေခံ၍ ဆုံးဖြတ်ရမည်မဟုတ်ဘဲ (၂)ရာသီစာ ဖြတ်သန်းမှုအပေါ် အခြေခံကာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း သတိပေးထောက်ပြမှုများလည်း ရှိခဲ့သည်။

ယင်းအခြေအနေတွင် SKy Sports က မန်ယူအသင်းအနေဖြင့် တန်ဟက်ဂ်၏ အနာဂတ်ကို အလျင်စလို ဆုံးဖြတ်မည်မဟုတ်ဘဲ ပြီးခဲ့သည့်ဘောလုံးရာသီအား ပြန်လည်သုံးသပ်ပြီးမှ ဆုံးဖြတ်လိမ့်မည်ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါသုံးသပ်မှုကို ယခုတစ်ပတ်အတွင်း စတင်မည်ဖြစ်သောကြောင့် ဇွန်လမှသာ တန်ဟက်ဂ်၏ အနာဂတ်အတွက် အဖြေထွက်ဖွယ်ရှိကြောင်းလည်း ဆိုခဲ့သည်။ ကစားသမားဟောင်းအချို့ကမူ တန်ဟက်ဂ်ကို ထုတ်ပယ်သင့်ကြောင်း အကြံပြုနေကြသည်။

Most Read

Most Recent