မွန်ပြည်နယ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား‌ဘေး၌ ယာယီလမ်းလွှဲ မြေသားဖို့မှုပြီးစီး၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်‌ကြောင်း သိရ

မွန်ပြည်နယ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား‌ဘေး၌ ယာယီလမ်းလွှဲ မြေသားဖို့မှုပြီးစီး၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်‌ကြောင်း သိရ
ကျုံအိတ်တံတား‌ဘေး၌ ယာယီလမ်းလွှဲ မြေသားဖို့မှုပြီးစီးသွား၍ မော်တော်ယာဉ်တစ်စီး ဖြတ်သန်းသွားလာနေစဉ် (ဓာတ်ပုံ-CJ)
ကျုံအိတ်တံတား‌ဘေး၌ ယာယီလမ်းလွှဲ မြေသားဖို့မှုပြီးစီးသွား၍ မော်တော်ယာဉ်တစ်စီး ဖြတ်သန်းသွားလာနေစဉ် (ဓာတ်ပုံ-CJ)
Published 17 May 2024

မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားဘေး၌ ယာယီလမ်းလွှဲ မြေသားဖို့မှု ပြီးစီးသွား၍ မေ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်‌ကြောင်း ခရီးသွားများထံမှ သိရသည်။

မေ ၁၆ ရက်ကတည်းက အဆိုပါ ကျုံအိတ်တံတားဘေးတွင် ပြုလုပ်ထားသည့် လမ်းလွှဲအား မြေသားဖို့မှုပြီးစီးခဲ့ပြီးနောက် မော်တော်ယာဉ်ငယ်များ စမ်းသပ်ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက်  မေ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ ခရီးသည်တင်မှန်လုံယာဉ်ကြီးများနှင့် ကုန်တင်ယာဉ်ကြီးများကိုလည်း စတင်ဖြတ်သန်းခွင့်ပြုထားသည်ဟု သိရကြောင်း ခရီးသွားပြည်သူတစ်ဦးက ပြောကြားသည်။

၎င်းင်းက ဆက်လက်ပြီး “ကားတွေကို ဟို ဘက်ဒီဘက်တစ်လှည့်စီပေးဖြတ်နေတယ်။ ကားလမ်းမပေါ်မှာတော့ နှစ်ဖက်ကားတွေ အများကြီးစောင့်ဆိုင်းနေကြတာမျိုး တွေ့ခဲ့ရတယ်”ဟု ၎င်းင်းက ဆက်လက်ပြောကြားသည်။

သို့သော်လည်း ကျုံအိတ်တံတား မိုင်း‌ထောင်ဖောက်ခွဲဖျက်ဆီးခံရပြီး‌နောက် မော်တော်ယာဉ်များအနေဖြင့် ကျေးရွာများအတွင်းရှိ လမ်းများမှတစ်ဆင့်ရှောင်ကွင်းသွားလာကြရာမှ ထိုကျေးရွာချင်းလမ်းများအတွင်း တွင်လည်း ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည် တင်မှန်လုံယာဉ်ကြီးများအပါအဝင် မော်တော်ယာဉ် ရာနှင့်ချီကာ ပိတ်ဆို့မှုဖြစ်ပွားနေဆဲဖြစ်ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ရွာလမ်းတွေထဲမှာ ကားတွေကတော့ ပိတ်ဆို့နေတုန်းပဲ။ ရှင်းပေးမယ့်သူတွေလည်း မရှိဘူးဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းများအတွင်း တိုက်ပွဲများဖြစ်ပွားခြင်း၊ လက်နက်ကြီး နှင့် Drop Bomb များ ကျရောက်ပေါက်ကွဲမှုများကြောင့် ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် မော်တော်ယာဉ်များ ပျက်ဆီးမှုများရှိခဲ့ကြောင်းလည်း အဆိုပါဒေသခံက ပြောကြားသည်။

ပြီးခဲ့သည့် မေ ၁၁ ရက် နံနက်အစောပိုင်းက သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတားအ မှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထားသည့်အခြမ်းပါ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် နံနက် ၄ နာရီခွဲခန့်ကလည်း အဆိုပါ ကျုံအိတ် တံတားအား KNU တပ်မဟာ (၁) ၊ တပ်ရင်း (၂) မှ KNLA/PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲခံရသည့်အတွက် တံတားတစ်ခြမ်း ပြိုကျပျက်စီးခဲ့ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီးကားသုံးစီး ပျက်စီးခဲ့ရာ နှစ်စီးမှာချောင်းအတွင်းပြုတ်ကျပျက် စီးခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ တစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ဇွန် ၂၉ ရက် နံနက် ၆ နာရီဝန်းကျင်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် ကျုံအိတ်တံတားအား စစ်ဆေးရန်လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူးတစ်ဦး သေဆုံးကာ ၂၈ ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယာယီဘေလီတံတားထိုးရန် တံတား တည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေစဉ် ရှစ်ကြိမ်ထက်မနည်း  Drop Bomb တိုက်ခိုက်ခံခဲ့ရသော်လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ယာယီဘေလီတံတားထိုး နိုင်ခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်နီးပါး ပြန်လည်သွားလာနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent