ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူကို ရာထူးမှ ဖယ်ရှား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူကို ရာထူးမှ ဖယ်ရှား
Published 13 May 2024
Ref:AFP

သမ္မတဗလာဒီမာပူတင်သည် ယူကရိန်းစစ်ဆင်ရေး နှစ်နှစ်ကျော် ကြာမြင့်လာချိန်တွင် ရုရှားစစ်တပ်ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲလုပ်သည့်အနေဖြင့် မေ ၁၂ ရက်တွင် ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူကို ရာထူးမှ ဖယ်ရှားလိုက်သည်။

ရွိုင်ဂူ၏နေရာကို အစားထိုးရန်း ပူတင်က ဘောဂဗေဒပညာရှင် အင်ဒရေဘယ်လူဆော့ကို အဆိုပြုထားသည်ဟု ရုရှားအထက်လွှတ်တော်ဖြစ်သည့် ဖက်ဒရေးရှင်းကောင်စီကထုတ်ပြန်သော ဝန်ကြီးအဆင့်လျာထားစာရင်းအရ သိရသည်။

ရုရှားတပ်များ ယူကရိန်းအရှေ့ပိုင်း၌ ရှေ့ကို ချီတက်နေခြင်း၊ ခါကိဗ်အရှေ့မြောက်ပိုင်းဒေသတွင် မြေပြင်စစ်ဆင်ရေးကြီးလုပ်နေခြင်းတို့နှင့်အတူ ယူကရိန်းစစ်ပွဲ၌ အရေးကြီးသောအချိန်ကို ရောက်ရှိနေချိန်တွင် ကာကွယ်ရေးဝန်ကြီး ထုတ်ပယ်ခံရခြင်းဖြစ်သည်။

ယူကရိန်းမြို့တော် ကိဗက်ဗ်ကို မသိမ်းပိုက်နိုင်ခြင်း၊ ခါကိဗ်ဒေသနှင့် ခါဆန်တောင်ပိုင်းဒေသတို့မှ ရုရှားတပ်များ ပြန်လည်ဆုတ်ခွာရခြင်းတို့အပါအဝင် ယူကရိန်းစစ်ဆင်ရေး ပထမနှစ်တွင် ဆုတ်ဆိုင်းမှုများရှိခဲ့သည့်တိုင် ပူတင်သည် ရွိုင်ဂူထုတ်ပယ်ခံရချိန်အထိ ရွိုင်ဂူဘက်မှ မားမားမတ်မတ်ရပ်တည်ခဲ့သည်။

ဝက်ဂနာကြေးစား စစ်အုပ်စုအကြီးအကဲ ယက်ဂျင်နီပရီဂေါ်ဇင် လွန်ခဲ့သောနှစ်တွင် ပုန်ကန်ခဲ့ပြီး ရွိုင်ဂူကို ဖယ်ရှားပေးရန် တောင်းဆိုသည့်အခါ ပူတင်သည် ရွိုင်ဂူဘက်မှ ရပ်တည်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် တီထွင်ဆန်းသစ်ရန် လိုအပ်နေသည်ဟု ရွိုင်ဂူအား ထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ရခြင်းကို မေ ၁၂ ရက်တွင် ရုရှားအစိုးရက ရှင်းလင်းပြောကြားခဲ့သည်။

“ကာကွယ်ရေးဝန်ကြီးဌာနဟာ ဆန်းသစ်တီထွင်တာကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဆင့်မြင့်တဲ့ အတွေးအကြံအားလုံးကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ စီးပွားရေးဆိုင်ရာ ပြိုင်ဆိုင်မှုအတွက်အ‌ခြေအနေတွေ ဖန်တီးပေးတာကို ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ရာထူးခန့်အပ်မှုများနှင့်စပ်လျဉ်းသော သတင်းစာရှင်းလင်းပွဲတွင် ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ပြောကြားသော စကားကို ရုရှားအစိုးရမီဒီယာက ကိုးကားဖော်ပြခဲ့သည်။

“ပိုမိုဆန်းသစ်တီထွင်နိုင်သူ ဘယ်သူမဆို စစ်‌မြေပြင်ကို အနိုင်ရတာဖြစ်ပါတယ်။ ဒါကြောင့် သမ္မတက အင်ဒရေဗယ်လူဆော့ကို အဆိုပြုလိုက်ပုံရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

Most Read

Most Recent