တစ်ခုခု

တစ်ခုခု
Published 18 March 2018

၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအပြီး ကျောင်းသားကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

တစ်ခုခုချရေးရန် စဉ်းစားနေသော်လည်း ကျွန်တော် ဘာရေးချရမှန်း မသိပါ။ သို့သော် ကျွန်တော် စာရွက်ပေါ်မှာ တစ်ခုခု ချရေးလိုက်ပါသည်။ ထိုတစ်ခုခုသည် ကျွန်တော် ရေးချင်နေသည့် တစ်ခုခုမဟုတ်ပါ။ အခြားတစ်ခုခုဖြစ်သွားသည်။ ကျွန်တော် စဉ်းစားထားသည့်တစ်ခုခု ဘယ်ပျောက်သွားမှန်းမသိပါ။ ထို့ကြောင့် ကြုံရာတစ်ခုခုကိုသာ ကျွန်တော် ရေးချလိုက်မိပါသည်။

တကယ်တော့ ကျွန်တော် စဉ်းစားနေသည်မှာ ‘တစ်ခုခု’ ဖြစ်ပါသည်။ အံ့သြဖို့ကောင်းသည်မှာ ယခင်က တစ်ခုခုနေရာမှာ ယခုတစ်ခုခု အစားထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်က ‘တစ်ခုခု’ ကို တစ်ခုတည်းရှိသည်ဟု ထင်မှတ်ထားမိရာ တစ်ခုထက်မကသော တစ်ခုခုများရှိသေးကြောင်း ယခုမှ သိလိုက်ရပါတော့သည်။ ယခုစာရွက်ပေါ်မှာ ကျွန်တော် ချရေးလိုက်သော ‘တစ်ခုခု’ သည် တစ်ခုခု ပေါင်းများစွာထဲမှ ‘တစ်ခုခု’ သာ ဖြစ်ပါသည်။ ပြောရလျှင် ကျွန်တော် ရှာဖွေမတွေ့ရှိသေးသော တစ်ခုခုတွေ အမြောက်အများ မရေမတွက်နိုင် ရှိသေးပုံရပါသည်။ တစ်ခုခုပေါင်းများစွာထဲမှ ‘တစ်ခုခု’။ ကျွန်တော် မသိသော ‘တစ်ခုခု’။ ဘာမှန်းမသိရသေးသည့် ‘တစ်ခုခု’။

ဆိုကြပါစို့။ ‘တစ်ခုခု’ ဟု ကျွန်တော်တို့ ရေရွတ်မြည်တမ်းမိတိုင်း ဘယ်တစ်ခုခုကိုပြောနေမှန်း ကျွန်တော်တို့ကိုယ်တိုင်ပင် မသိပါ။ အဘယ်ကြောင့်ဆိုသော် တစ်ခုခုပေါင်း တစ်ခုထက်မက ရှိနေသည်မှာ သေချာနေသောကြောင့်ပင်။ ကဲ သို့ဆိုလျှင် ယခုအဘယ် တစ်ခုခုကို ကျွန်တော်တို့ ဆွဲထုတ်ရပါမည်နည်း။ တစ်ခုခုကို ကျွန်တော် ဆွဲထုတ်လိုက်တိုင်း အခြားတစ်ခုခုကလည်း ပေါ်ထွက်လာမှာ သေချာသည်။ နောက်ထပ် အခြားအခြားသော တစ်ခုခုများကလည်း သူတို့မပါရကောင်းလားဟု မကျေမနပ် ဖြစ်ကြပေလိမ့်ဦးမည်။ ခက်တော့ တော်တော်လေးခက်ပါသည်။ ကြုံရာကျပန်းတစ်ခုခုကို ကံစမ်းမဲနှိုက်သလို ရွေးချယ်ကောက်ယူရမလို ဖြစ်နေပါသည်။ ထိုကဲ့သို့ ရွေးချယ်လိုက်မည်ဆိုလျှင် ‘တစ်ခုခု’ မလွဲမသွေ ပါလာမှာတော့ သေချာသည်။ သို့သော် ပြဿနာက ကျွန်တော် လိုချင်နေသည့် ‘တစ်ခုခု’ ပါလာမည်ဟု ကျိန်းသေဧကန်ဧက မပြောနိုင်ခြင်းပင်။ တစ်ခုခုများကြားထဲမှာ တစ်ခုခုကို ရွေးချယ်ရခြင်းသည် ခက်ခဲပင်ပန်းလှပါသည်။ တစ်ခုခုကို တစ်ခုခုလုပ်မှဖြစ်တော့မည်။ တစ်ခုခု သို့မဟုတ် တစ်ခုခု။

ကျွန်တော်တို့ လက်ရှိအခြေအနေသည် အချိန်မရွေး ‘တစ်ခုခု’ ဖြစ်သွားနိုင်သည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့သည် ‘တစ်ခုခု’ ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြသည်။ သေချာပါသည်။ တစ်ခုခုတော့ တစ်ခုခုပါပဲ။ တစ်ခုခုတော့ ဖြစ်ကိုဖြစ်လိမ့်မည်။ အဘယ်တစ်ခုခုလဲ ဆိုသည်ကိုသာ ကျွန်တော်တို့ သေချာမပြောနိုင်ကြခြင်းဖြစ်သည်။ ထိုအခါ ကျွန်တော်တို့သည် တစ်ခုခု ဖြစ်လာမှာကို စိုးတထိတ်ထိတ် စောင့်မျှော်နေရသည်နှင့် တူပါသည်။ ဘယ်အချိန် တစ်ခုခု ဖြစ်လာမည်နည်း။ ဘယ်အရပ်ဒေသကနေ တစ်ခုခု ပေါ်လာတော့မည်နည်း။ ဘယ်နည်းဘယ်ဟန် ဘယ်ပုံစံနှင့် တစ်ခုခု ရောက်လာမည်နည်း။ တစ်ခုခုသည် တစ်ခုခုဖြစ်အောင် လုပ်တော့မည့် အနေအထားမှာ ရှိပါသည်။ တစ်ခုခုသည် တစ်ခုခုဖြစ်လာမည့် အခြေအနေ ရှိပါသည်။ သို့သော် တစ်ခုခု ပေါ်လာချိန်မှာ တစ်ခုခုဖြစ်သွားလျှင် ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း။ တစ်ခုခုမဖြစ်ခင် တစ်ခုခုကို ကြိုတင်ကြံစည်ထားရန် လိုပေလိမ့်မည်။ အခန့်မသင့်လျှင် ‘တစ်ခုခု’ ဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ကျွန်တော်ကတော့ တစ်ခုခုဖြစ်သွားမှာကိုပဲ စိုးရိမ်နေမိသည်။ ဘုရား ဘုရား တစ်ခုခု မဖြစ်ပါစေနှင့်ဟူ၍သာ အကြိမ်ကြိမ် ဆုတောင်းနေရပါသည်။ မတော်တစ်ခုခုဖြစ်သွားမှဖြင့် ကိုယ်ကျိုးနည်းရချည့်ဟုသာ တွေးတောနေမိပါသည်။

တကယ်တော့ ဖြစ်လာသော တစ်ခုခုသည် မျှော်လင့်ထားသည့်တစ်ခုခု ဟုတ်ချင်မှဟုတ်လိမ့်မည်။ မမျှော်လင့်ထားသည့်တစ်ခုခု မမျှော်လင့်သည့်အချိန်မှာ တစ်ခုခုဖြစ်သွားနိုင်သည် မဟုတ်ပါလား။ ကျွန်တော်တို့သည် တစ်ခုခုကို အမြဲသံသယဝင်နေတတ်ကြပါသည်။ ထိုအခါ ‘တစ်ခုခု’ သည် သံသယ၏ သားကောင်ဖြစ်သွားပါတော့သည်။ ကျွန်တော်တို့၏ သံသယအကြည့်အောက်မှာ တစ်ခုခုခမျာ မနေတတ် မထိုင်တတ် ဖြစ်နေရှာပါသည်။ သြော်တစ်ခုခု .... တစ်ခုခုပါပဲလေ။ တစ်ခုထက်မကတဲ့ တစ်ခုခုပါပဲလေ။ ကျွန်တော်သည် ထိုကဲ့သို့ တစ်ခုခုကို ရေရွတ်မြည်တမ်းမိတိုင်း တစ်ခုခုဖြစ်သွားလေ့ ရှိပါသည်။ တစ်ခုခုဖြစ်သွားမှာစိုးသောကြောင့် ကျွန်တော်တစ်ခုမှမရွတ်ဘဲ နေလျှင်လည်း တစ်ခုခုကတော့ ဖြစ်သွားမြဲဖြစ်သွားနေမှာပါပဲ။ လောကကြီးကိုယ်တိုင်က တစ်ခုမဟုတ်တစ်ခု ဖြစ်နေကျလောကကြီး မဟုတ်ပါလား။ ဘာတစ်ခုမှမဖြစ်လျှင် လောကကြီးပင် ပေါ်ပေါက်လာမည်မထင်ပါ။ လောကကြီးသည်ပင်လျှင် ‘တစ်ခုခု’ ဖြစ်ပါသည်။ တစ်ခုခုသည်ပင်လျှင် ‘လောကကြီး’ ဖြစ်ပါသည်။ ကျွန်တော်ကတော့ တစ်ခုခုကိုအနက် အဓိပ္ပာယ်ဖော်ပြဖို့ အမြဲကြိုးစားနေသော လောကကြီးဟု ထင်မိပါသည်။ လောကလူသားတွေကိုယ်တိုင်ကလည်း လောကကြီးကို ငေးမောကြည့်ကာ ‘တစ်ခုခုတော့ တစ်ခုခုပဲ’ ဟု အမြဲပုံဖော်ကြည့်ဖို့ ကြိုးစားနေသူများသာ ဖြစ်ပါသည်။ တစ်ခုမဟုတ်တစ်ခုဖြစ်ရမည့် လောကကြီး။ တစ်ခုမဟုတ်တစ်ခု ဖြစ်နေသည့် လောကကြီး။

ကျွန်တော်သည် ‘တစ်ခုခု’ အကြောင်း တွေးရင်းတစ်ခုခု ဖြစ်နေသလားဟု စဉ်းစားကြည့်သည်။ တကယ်တော့ ‘တစ်ခုခု’ အကြောင်း ပြောရသည်မှာ ယေဘုယျ ဆန်လွန်းပါသည်။ ‘တစ်ခု’ ဟု ပြောလိုက်ကတည်းက အရေအတွက် အများကြီးထဲမှ ‘တစ်ခု’ ကို ရည်ညွှန်းနေမှန်း သိသာလှသည်။ ဘယ်တစ်ခုမှန်းတိကျ သေချာစွာ မညွှန်ပြသည့် ကြုံရာကျပန်းတစ်ခုသာလျှင် ဖြစ်သည်။ ကြိုက်ရာတစ်ခုခု နှစ်သက်ရာတစ်ခုခု။ ဘာရယ်မဟုတ်သည့် တစ်ခုခု။ တစ်ခုခုတော့ တစ်ခုခုပဲ။ သို့သော် ဘယ်တစ်ခုမှန်းမသိ။ တစ်ခုခုထဲမှ တစ်ခုခု။ တစ်ခုခုထဲမှာ တစ်ခုခုရှိနေသည်မှာ သေချာပါသည်။ ‘တစ်ခုခု’ ဖြစ်မှန်းသိနေသောကြောင့် ‘တစ်ခုခု’ ဟု နာမည်တပ်လိုက်ခြင်း မဟုတ်ပါလား။ တစ်ခုခုမရှိမှတော့ တစ်ခုခုဟူ၍ပင် ခေါ်စရာအကြောင်းမရှိတော့ချေ။ တစ်ခုခု ဖြစ်နေသရွေ့ တစ်ခုခု ဖြစ်နေပါလိမ့်ဦးမည်။ ဤသည်ပင်လျှင် တစ်ခုခုအကြောင်းဖြစ်သည်။ တစ်ခုခုကပြောပြသည့် ဒဿနဖြစ်သည်။ တစ်ခုခုသီအိုရီဖြစ်သည်။ တစ်ခုခုဖြစ်ပါသည်။

ကျွန်တော်တို့သည် ‘တစ်ခုခု’ ဟုပြောလိုက်လျှင် ဘာပြောမှန်း ရုတ်တရက်မသိကြပါ။ သို့သော် တစ်ခုခု၏နောက်ကွယ်မှာ ဘာရှိမလဲဟု စူးစမ်းရှာဖွေချင်ကြသည်။ တစ်ခုခုကိုကျော်ပြီး ကြည့်ချင်သည့် အလေ့အထမျိုး ဖြစ်ပါသည်။ တကယ်တော့ ကျွန်တော်တို့ရှေ့သို့ ရောက်လာသည့် ‘တစ်ခုခု’ ကို ဦးစွာ သတိပြုသင့်ပါသည်။ ‘တစ်ခုခုဟူသည် အဘယ်နည်း’ ဟု မေးခွန်းထုတ်သင့်ပါသည်။ ‘တစ်ခုခု’ သည် အနက်အဓိပ္ပာယ်ကို ကွယ်ဝှက်ထားသော ‘အဖုံး’ နှင့်တူသည်။ အဆိုပါအဖုံးကို ကျွန်တော်တို့ အရင်ဆုံး ဖွင့်ရပါလိမ့်မည်။ ထိုအဖုံးပွင့်သွားမှသာ အနက်အဓိပ္ပာယ် ပေါ်ထွက်လာနိုင်ပါသည်။ ထို့ကြောင့် ‘တစ်ခုခု’ ကို ရင်ဆိုင်ကာ အဖြေထုတ်ကြည့်ဖို့ ကြိုးစားရပါလိမ့်မည်။ ‘တစ်ခုခု’ ကို ကျော်လွှား၍မရပါ။ ‘တစ်ခုခု’ ကို ထိပ်တိုက်ရင်ဆိုင်မှ ယှဉ်ပြိုင်ရပါလိမ့်မည်။ တကယ်တော့ ‘တစ်ခုခု’ က ကျွန်တော်တို့ကို စိန်ခေါ်နေခြင်းဖြစ်သည်။ တိုက်တွန်းကာ နှိုးဆွနေခြင်းဖြစ်သည်။ မခံချင်အောင် ဆွပေးနေခြင်းဖြစ်သည်။ ‘တစ်ခုခု’ ဆိုတာ ဘာလဲ’ ‘တစ်ခုခုကို ဘယ်လိုဖော်ထုတ်ရမလဲ’ ‘တစ်ခုခုတော့ တစ်ခုခုပဲ။ သို့သော် ဘာတစ်ခုခုလဲ’ အဆိုပါ မေးခွန်းများက ‘တစ်ခုခု’ ကို ရင်ဆိုင်ဖို့ ခွန်အားများပင်ဖြစ်ပါသည်။ ‘တစ်ခုခု’ က ကျွန်တော်တို့ကို ပစ်ပေါက်နေသည့် မေးခွန်းများလည်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဘယ်လောက်အပေါက်ခံနိုင်မည်နည်း။ ဘယ်လောက် ရင်ဆိုင်ယှဉ်ပြိုင်မည်နည်း။

‘တစ်ခုခု’ ကို ကျွန်တော်တို့ မဖော်ထုတ်နိုင်သေးသရွေ့ ‘တစ်ခုခု’ သည် ‘တစ်ခုခု’ သာလျှင် ဖြစ်နေပေလိမ့်မည်။ တစ်ခုခုကို ရင်ဆိုင်နိုင်လေလေ တစ်ခုခုမဟုတ်တော့လေလေပင်။ ‘တစ်ခုခု’ မှာ ကျွန်တော်တို့ကို ခိုးလိုးခုလုဖြစ်အောင် လုပ်နိုင်သည့်အစွမ်းသတ္တိရှိသည်။ ]
‘တစ်ခုခု’ က ရှေ့မှာခံနေသောကြောင့် ကျွန်တော်တို့ နေမထိထိုင်မသာ ဖြစ်နေကြခြင်း ဖြစ်သည်။ ‘တစ်ခုခု’ သည် ဆေးခါးကြီးဖြစ်သည်။ ‘တစ်ခုခု’ သည် အော့အန်ချင်စရာ ဖြစ်သည်။ သို့သော် ဘယ်လောက်ပင် အော့အန်ချင်ပါစေ၊ သောက်ကိုသောက်ရမည့် ဆေးခါးကြီးလည်း ဖြစ်ပါသည်။ ‘တစ်ခုခု’ သည် ရစ်သီရစ်သီ ဝေ့၀ဲကာ ကျွန်တော်တို့ကို ပြောင်လှောင်နေသည်မှာ မခံချင်စရာကောင်းလှသည်။ ‘တစ်ခုခု’ သည် ကျွန်တော်တို့ကို တစ်ခုခုလုပ်တော့မလို ထင်ရသည်။ ရှေ့မှာရှိသည့် ‘တစ်ခုခု’ ကို ရင်မဆိုင်ဘဲ လှည့်ပြေးလျှင် နောက်မှာရှိသည့် ‘တစ်ခုခု’ က ကျွန်တော်တို့ကို စောင့်ကြိုနေပါလိမ့်မည်။ ဘေးဘီဝဲယာကို ကြည့်လိုက်ပါဦး။ ဘယ်မှာ ‘တစ်ခုခု’။ ညာမှာလည်း ‘တစ်ခုခု’။ မရေမတွက်နိုင်သည့် ‘တစ်ခုခု’ ပေါင်းမြောက်မြားစွာက ကျွန်တော်တို့ကို ဝန်းရံပိတ်ဆို့ထားကြသည်။ ဘယ်လို ထွက်ပြေးရမှန်းမသိ။ ဘယ်သို့ရှောင်ပုန်းရမှန်းမသိ။ မဟေဠိဆန်လှသည့် ‘တစ်ခုခု’။ အဖြေညှိရမည့် ‘တစ်ခုခု’။ ‘တစ်ခုခု’ ဘာလဲ။ ကျွန်တော်တို့ ဘယ်လဲ။ ‘တစ်ခုခု’ မဟုတ်တော့မှ တစ်ခုခု၏ အချုပ်အနှောင်ကနေ ကျွန်တော်တို့ လွတ်မြောက်မည်။ ‘တစ်ခုခု’ မပျောက်သရွေ့ ကျွန်တော်တို့ ဘယ်မှမရောက်။ ဘယ်မှမပေါက်။ ကျွန်တော်တို့ ဘယ်လောက်လျှောက်လျှောက် ‘တစ်ခုခု’ က ကောက်ကောက်ပါအောင် လျှောက်လိုက်နေဦးမည်သာ။ သေချာပါသည်။ တစ်ခုခုတော့ တစ်ခုခုပါပဲ။

တော်တော်အသက်ပြင်းလှသည့် ‘တစ်ခုခု’။ ရုပ်ဝတ္ထုများဖြင့် ဖန်တီးထားသည့် မည်သို့သော လက်နက်မျိုးကိုမျှ ‘တစ်ခုခု’ က မကြောက်ချေ။ သို့သော် ဉာဏ်၊ ဝီရိယထုတ်ကာ ပြင်ဆင်ပစ်လွှတ်လိုက်သည့် ‘ပညာလက်နက်မျိုး’ ကိုတော့ ‘တစ်ခုခု’ ခမျာ တော်တော်လေး ထိတ်လန့်ကြောက်ရွံ့ရှာပါသည်။ ဘယ်အရာကိုမျှမမှုသည့် ‘တစ်ခုခု’ ကို သေအောင်သတ်နိုင်သည်မှာလည်း ဤလက်နက်တစ်မျိုးသာ ရှိပါသည်။ ဤလက်နက်ကို မဆောင်နိုင်သေးသမျှ ကျွန်တော်တို့အားလုံး ‘တစ်ခုခု’ ပြုသမျှ နုနေကြရဦးမည်သာ။

Most Read

Most Recent