ဒုတိယအကြိမ် မြန်မာ-ရုရှား ပူးတွဲအကြမ်းဖက်မှုတိုက်ဖျက်ရေးကော်မတီ အစည်းအဝေး ပထမရက်အား ယနေ့ (ဧပြီ ၁၁ ရက်)က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ကော်မတီဝင် မြန်မာ့တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြပြီး ရုရှားနိုင်ငံဘက်မှ ရုရှားတပ်မတော် ဒုတိယကြည်းတပ်ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich နှင့် ကော်မတီဝင် ရုရှားတပ်မတော်မှ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရုရှားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရုရှားတပ်မတော် ဒုတိယကြည်းတပ် ဦးစီးချုပ် Lieutenant General Matovnikov Alexander Anatolyevich က မြန်မာ့တပ်မတော်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုခဲ့ပြီး မကြာမီကကျရောက်ခဲ့သည့် မြန်မာ့တပ်မတော်၏ (၇၉)နှစ်မြောက် တပ်မတော်နေ့နှင့် မကြာမီကျရောက်မည့် နှစ်သစ်ကူးသင်္ကြန်အခါသမယအတွက် ဂုဏ်ပြုစကားနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကိုကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းက မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား ကြိုဆိုမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလျက်ရှိပါကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့် ဖြစ်ပေါ်လျက်ရှိသော အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း နှစ်နိုင်ငံပူးပေါင်း၍ လျင်မြန်စွာ တုံ့ပြန်တိုက်ဖျက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များအနေဖြင့် အကြမ်းဖက်တိုက်ဖျက်မှု ဆိုင်ရာနည်းလမ်းအား အသေးစိတ်ဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစိတ်ဓာတ်ဖြင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။