အင်းစိန်မြို့နယ် သီရီမင်္ဂလာလမ်းတွင် လိုက်ထရပ်ယာဉ်နှင့် တွဲယာဉ်တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးမှု ဇန်နဝါရီ ၁၈ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၁၈ ရက် ည ၈ နာရီခန့်တွင် အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်းမကြီး၊ Denko ဆီဆိုင်ရှေ့တွင် လိုက်ထရပ်ယာဉ်နှင့် တွဲယာဉ်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် လူမှုကူညီရေးအဖွဲ့များမှ သွားရောက်ခဲ့သည်။
“ည ၈ နာရီလောက်မှာ သတင်းရလို့ သွားရောက်ခဲ့တာပါ။ အောင်ဆန်းနဲ့ ဖော့ကန်ကြား Denko ဆီဆိုင်ရှေ့မှာ ဖြစ်တာပါ။ တွဲကားက လမ်းပြန်ကွေ့တာပါ။ အဲ့တော့ လမ်းလယ်မှာ ဖြစ်နေတာကို လိုက်ထရပ်က ဝင်တိုက်တာပါ။ လိုက်ထရပ်ယာဉ်မောင်းက ညှပ်နေတော့ ဆွဲထုတ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒဏ်ရာကပြင်းတော့ အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးသွားပါတယ်။ သူ့ဘေးက အမျိုးသားကို အနာဂတ်သွေးနှင့် လူမှုကူညီရေးက ကားနဲ့ ဆေးရု့ကို ပို့ခဲ့ပေမယ့် လမ်းမှာဘဲ သေဆုံးသွားပါတယ်” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူ အမျိုးသားနှစ်ဦးမှာ အသက် ၃၅ ဝန်းကျင်ဖြစ်ကြောင်း သိရသည်။