လေဗာကူဆင်ဝါရင့်ကွင်းလယ်ကစားသမား ချာကာက အသင်းနည်းပြ ဇာဘီအလွန်ဆိုသည် မျိုးဆက်သစ်နည်းပြများအတွက် စံနမူနာယူစရာနည်းပြတစ်ဦးဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။
အလွန်ဆို၏ လေဗာကူဆင်အသင်းသည် ယခုရာသီ ဘွန်ဒစ်လီဂါပွဲစဉ် ၁၆ အပြီးတွင် ရှုံးပွဲလုံးဝမရှိသေးဘဲ ၁၃ ပွဲနိုင်၊ သုံးပွဲ သရေ ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် ၄၂ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာမှ နာမည်ကြီး ဘိုင်ယန် မြူးနစ်အသင်း (၃၈ မှတ်)ကို လေးမှတ်ဖြတ်ထားသည်။ ထို့ပြင် လေဗာကူဆင်အသင်းသည် ယူရိုပါလိဂ်တွင်လည်း အုပ်စုပွဲစဉ် ခြောက်ပွဲစလုံး အနိုင်ရကာ ရှုံးထွက် ၁၆ သင်း အဆင့် တက်ရောက်ထားသလို ဂျာမန်ပိုကယ်လ်ဖလားပြိုင်ပွဲတွင်လည်း ကွာတား ဖိုင်နယ်အဆင့်ထိ တက်ရောက်ထားသည်။
ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အာဆင်နယ်အသင်းမှ လေဗာကူဆင်အသင်းထံသို့ ပေါင် ၂၁ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည့် ဆွစ်ဇာလန်ဝါရင့် ကွင်းလယ်ကစားသမား ချာကာသည် ယခုရာသီတွင် လေဗာကူဆင်အသင်း၌ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူလည်း ဖြစ်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ ချာကာသည် ယခုရာသီတွင် လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲအထိ ပါဝင်ကစားထားသည်။ ချာကာက မိမိအနေဖြင့် လေဗာကူဆင်အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းမှာ နည်းပြ အလွန်ဆိုကြောင့်ဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့ခြင်းဖြစ်သည်။
ချာကာက "ဇာဘီ(အလွန်ဆို)ဟာ မယုံနိုင်လောက်အောင်ကောင်းခဲ့တဲ့ ကွင်းလယ်ကစားသမားတစ်ဦးပါ။ သူဟာ ကစားသမားဘဝမှာ ယူရိုပါလိဂ်ကလွဲပြီး ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပါတယ်။ ယူရိုပါလိဂ်ဖလားကို သူ မရခဲ့တာက သူ့အနေနဲ့ အဲဒီပြိုင်ပွဲမှာ တစ်ခါမှ မကစားခဲ့လို့ပါပဲ။ ဒါပေမဲ့ လက်ရှိမှာတော့ သူဟာ မျိုးဆက်သစ်နည်းပြတွေအတွက် စံနမူနာယူစရာနည်းပြလို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ကစားသမားတွေကို နည်းစနစ်တင် သင်ပေးတာမျိုးမဟုတ်ဘဲ လေ့ကျင့်ကွင်းမှာလည်း Skill တိုးတက်လာအောင် သင်ပေးနေတာပါ။ ဥပမာအနေနဲ့ ပြောရရင် ဘောလုံးပေးပို့တာမျိုးတွေပေါ့။ လူမှုကွန်ရက်မှာ သူ ဘောလုံးပေးပို့တာတွေကို ခင်ဗျားတို့ မြင်ဖူးမှာပါ။ ဒါပေမဲ့ လေ့ကျင့်ရေးကွင်းမှာ သူ ကစားသမားတွေကို သူကိုယ်တိုင် သင်ပေးနေတာက ကစားသမားတွေအတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာ ခင်ဗျားတွေးကြည့်ရုံနဲ့တင် သိနိုင်ပါတယ်"ဟု ပြောကြားသည်။
လေဗာကူဆင်အသင်းသည် ဆောင်းရာသီနားရက်မတိုင်မီ ယခုရာသီ ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားထားရာတွင် ရှုံးပွဲလုံးဝမရှိသေးဘဲ ၂၂ နိုင်ကာ ၃ ပွဲသရေကျထားသည်။ လေဗာကူဆင်အသင်းသည် ယခုရာသီ ဥရောပထိပ်တန်းလိဂ်ငါးခုတွင် ပြိုင်ပွဲစုံ ရှုံးပွဲလုံးဝမရှိသည့် တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်လျက်ရှိသည်။















