ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ရန်အတွက် ချိတ်ဆက်ခဲ့ဖူးကြောင်း ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ဝန်ခံခဲ့သည်။
အသက် (၆၄)နှစ်အရွယ်ရှိပြီဖြစ်သူ အန်ဆယ်လော့တီသည် စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီကုန်တွင် ဘရာဇီးလ်အသင်းနည်းပြအဖြစ် တာဝန်ယူသွားမည်ဟု ပြီးခဲ့သည့်နွေရာသီက သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF) ဥက္ကဋ္ဌဟောင်း အက်နယ်လ်ဒိုရိုဒရီဂတ်စ် တာဝန်ထမ်းဆောင်စဉ် ဆက်သွယ်ခဲ့ဖူးကြောင်း အန်ဆယ်လော့တီက ဝန်ခံခဲ့သည်။
''အမှန်တရားကတော့ လူတိုင်း သိထားသလိုပါပဲ။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အက်နယ်လ်ဒိုရိုဒရီဂတ်စ်နဲ့ ကျွန်တော့်အကြား အဆက်အသွယ် ရှိခဲ့ပါတယ်။ သူ့ရဲ့မေတ္တာတရားနဲ့ စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော့်အဖို့ အလွန်ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာ ကျွန်တော့်ရဲ့အနေအထားအပေါ် မူတည်တယ်ဆိုတာ မြင်လွယ်ပါတယ်။ စိတ်ဝင်စားမှုကို ကျေးဇူးတင်ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော် လက်ရှိအသင်းမှာ ဆက်နေချင်လို့ ဒါကို လက်မခံခဲ့ပါဘူး''ဟု အန်ဆယ်လော့တီက သတင်းထောက်များသို့ ပြောကြားခဲ့သည်။
အန်ဆယ်လော့တီသည် မကြာသေးမီကမှ ရီးယဲလ်အသင်းနှင့် ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သူဖြစ်သည်။
အန်ဆယ်လော့တီသည် အလာဘာနှင့် မီလီတိုတို့ ဒူးဒဏ်ရာများကြောင့် ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်သော်လည်း ယခုအပြောင်းအရွှေ့ကာလတွင် နောက်ခံအတွင်းလူသစ် ထပ်မံခေါ်ယူမည်မဟုတ်ဟုလည်း အတည်ပြုခဲ့သည်။















