ပေါ်တူဂီထိပ်သီးကလပ်အသင်း တစ်သင်းဖြစ်သည့် ဘင်ဖီကာအသင်းသည် ၎င်းတို့အသင်း၏ ပေါ်တူဂီကြယ်ပွင့် လူငယ်ကစားသမား ဂျော်အိုနေးဗတ်စ်အား လျော်ကြေးစာချုပ်တန်ဖိုးတိုးမြှင့်ကာ စာချုပ်သစ်ချုပ်ဆိုတော့မည်ဖြစ်ကြောင်း သိရှိရသည်။
အသက် (၁၉) နှစ်အရွယ်သာ ရှိသေးသည့် ဂျော်အိုနေးဗတ်စ်သည် လက်ရှိအချိန်တွင် ဥရောပထိပ်တန်းအသင်းကြီးများ၏ ပစ်မှတ်ကစားသမားဖြစ်နေပြီး မန်စီးတီး၊ ဘာစီလိုနာ၊ နယူးကာဆယ်နှင့် လီဗာပူးလ်အသင်းတို့ကလည်း စောင့်ကြည့်နေသူဖြစ် သည်။
မန်ယူအသင်းကမူ အသင်း၏ ကွင်းလယ်အတွက် ပိုမိုအားစိုက်ကြိုးပမ်းနေချိန်တွင် ဘင်ဖီကာအသင်းက လျော်ကြေးစာချုပ်တန်ဖိုးကို တိုးမြှင့်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဘင်ဖီကာအသင်းသည် ပြီးခဲ့သည့် သြဂုတ်လအတွင်းကမှ ဂျော်အိုနေးဗတ်စ်ကို ၂၀၂၈ ခုနှစ်အထိ နှစ်ရှည်စာချုပ်သက်တမ်းတိုးထားပြီး လျော်ကြေးစာချုပ်တန်ဖိုးမှာ ယူရို သန်း (၁၂၀) အထိ တန်ကြေးရှိနေသည်။
သို့ရာတွင် အသင်းဥက္ကဋ္ဌဖြစ်သူ ရူအီကော်စတာက ယင်းပြောင်းရွှေ့ကြေးပမာဏမှာ နည်းပါးလွန်းသည်ဟု ယူဆကာ နောက်တစ်ကြိမ် စာချုပ်သစ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုစာချုပ်သစ်အရ ဂျော်အိုနေးဗတ်စ်၏ လျော်ကြေးစာချုပ်တန်ဖိုးမှာ ယူရို သန်း (၁၅၀)အထိ ရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။















