ကြေးမီးပူလေး

ကြေးမီးပူလေး
Photo ; Ironsdry cleaners
Photo ; Ironsdry cleaners
Published 27 October 2018
အိမ့်ကြည်ဖြူ

ကျွန်မငယ်စဉ်က အကြောင်းလေးကို အခုနေခါ ပြန်တွေးနေမိသည်။ ပြန်တွေးခြင်းဖြင့် မတ်တတ်ရပ်နေရသောဒုက္ခကို မေ့နေစေနိုင်သည်။ အလုပ်ကိုလည်း ပြီးလို့ပြီးမှန်း သတိမထားမိအောင် မြန်ဆန်စေမည်ဟုထင်သည်။ နေလှန်းထားရာမှ ရုပ်ခဲ့သော အဝတ်အစားများက အတော်များသည်။

ပြန်တွေးနေရင်းဖြင့် မှန်ဗီရိုကြီးအောက်ဆင့်၌ ငြိမ်သက်နေသော ကြေးမီးပူလေးကိုလည်း ကြည့်မိလိုက်သေးသည်။ ထိုကြေးမီးပူ၏ သက်တမ်းသည် ကျွန်မအသက်ထက် ကြီးပါသည်။ ဖေဖေနှင့် မေမေ၏ အသက်ထက်လည်း ကြီးချင်ကြီးနေနိုင်သေးသည်။ အချိန်သည် တရွေ့ရွေ့ဖြင့် ကုန်မှန်းမသိ ကုန်တတ်လွန်းသော အရာဖြစ်သည်။ အချိန်လွန်ရွေ့လျားသွားရာတွင် တချို့သောအရာများ ပျောက်ကွယ်ပျက်စီးသွားကြမည်။ သက်ရှိများတင်မက သက်မဲ့များလည်း ထို့အတူဖြစ်ကြမည်။ ထိုကြေးမီးပူလေးကတော့ ယခုအချိန်အထိ မပျက်မစီး ရှိနေသေးသည်။

ဖေဖေသည် ထိုကြေးမီးပူလေးကို အိမ်ရှေ့မြေကြီးပေါ်တွင်ချကာ မြေကြီးနှင့် ပွတ်တိုက်နေသည့် မြင်ကွင်းလေးကို ပြန်အမှတ်ရမိပြန်သည်။ ထိုစဉ်က ကျွန်မတို့သူငယ်ချင်းတစ်စု ဇယ်ခုတ်နေကြသည်။ မန်ကျည်းစေ့လေးများ ပြန့်ကျဲနေသည်ကို လိုက်သိမ်းရင်း ဖေဖေ့အနားတွင်ထိုင်၍ စိတ်ဝင်တစား ကြည့်နေမိသေးသည်။ အဝတ်အစားများကို မီးပူထိုးသည့် ကြေးမီးပူလေးကို ဂရုတစိုက်ရှိလွန်းသည့် ဖေဖေ့ကို ထိုစဉ်က အံသြမိခဲ့သေးသလားဟူ၍တော့ မမှတ်မိပါ။ ထိုနေ့က ကောက်ယူသိမ်းဆည်းထားသော မန်ကျည်းစေ့လေးများကို ခြံထောင့်တွင်သွားပုံထားပြီး လက်ဆေးကြောသည်။ မေမေစောင့်နေသော ထမင်းဝိုင်းတွင် မိသားစုဝိုင်း၍ စားကြသည်။ ထိုအကြောင်းအရာကိုတော့ မှတ်မိနေပြန်သည်။

ကျွန်မနေထိုင်ရာမြို့လေးသည် အချိန်ပိုင်းသာ လျှပ်စစ်မီးရသော မြို့လေးဖြစ်သည်။ များသောအားဖြင့် ညပိုင်း၌သာ မီးကို မြင်ရသည်။ နေ့လယ်ဆိုလျှင် တစ်ခါတစ်ရံမှသာ ယောင်လည်လည်ဖြင့် လာတတ်ပါသည်။ ဘက်ထရီမီးချောင်း နှင့် ဖယောင်းတိုင်သည် ကျွန်မတို့မြို့လေးအတွက် မရှိမဖြစ်ပစ္စည်းများ ဖြစ်ကြသည်။ ထိုစဉ်က မြို့လေးတွင် ဘက်ထရီအားသွင်းသော ဆိုင်နှစ်ဆိုင်ရှိပါသည်။ ယခုတော့ ရှိသလား မရှိသလား သတိမထား မိတော့ပြန်။ ညနေစောင်းတွင် ဘက်ထရီအားသွင်းဆိုင်မှ ဘက်ထရီအိုး သွားရွေးတတ်သော ဖေဖေ့ကို မှတ်မိနေသေးသည်။

မေမေ မီးပူတိုက်ရန်အတွက် မီးသွေးအတုံးကြီးများကို မီးသွေးအခဲလေးများဖြစ်ရန် ဖေဖေက ခွဲခြမ်းပေးတတ်သည်။ ကျွန်မကတော့ တောက်တိုမည်ရ အလုပ်လေးများမှ အပမည်သည့် အလုပ်ကိုင်ကြီးကြီးကိုမျှ ကူညီမပေးတတ်သေးပါ။ မီးပူကြောင်း အထင်းသား ကျောင်းဝတ်စုံလေးဖြင့် ကျောင်းသွားရသည်ကိုတော့ နှစ်သက်မိပါသည်။

မီးသွေးစျေးများ တဖြည်းဖြည်းတက်လာခြင်း၊ ကျောင်းဝတ်စုံလေးများ တစ်နေ့ထက် တစ်နေ့ ပုံဆန်းလာခြင်း၊ ရာသီဥတုများ တစ်နေ့ထက်တစ်နေ့ ဖောက်ပြန်လာခြင်းနှင့်အတူ ကျွန်မလည်း အထက်တန်းကျောင်းသူကြီး  ဖြစ်လာပါသည်။ ဖေဖေကတော့ အချိန်ရလျှင်ရသလို ကြေးမီးပူလေးကို တိုက်ချွတ်သန့်စင်နေဆဲပင်။ မေမေကလည်း ကျွန်မ၏ကျောင်းဝတ်စုံအကျႌလေးများကို မီးပူထိုးပေးမြဲပင်။(ကျောင်းလုံချည်များကိုတော့ ကျွန်မကိုယ်တိုင် မီးပူထိုးနေပါပြီ)

ကျွန်မ ၁၀ တန်းအောင်သည့်နှစ်တွင် သတင်းကောင်းတစ်ခုကြားရသည်။ ကျွန်မတို့ နေထိုင်ရာမြို့လေးသို့ လျှပ်စစ်မီးအချိန်ပြည့် ပို့လွှတ်မည့် အကြောင်းဖြစ်ပါသည်။ မှတ်မှတ်ရရ ဖြစ်သည်။ ကျွန်မတက္ကသိုလ် စသွားရသောနှစ်တွင် မြို့လေးမှာ ဓာတ်အားခွဲရုံအသစ်ကြီး စပြီးဆောက်ပါသည်။

တက္ကသိုလ်သွားတော့မည့် ကျွန်မအတွက် မေမေက လျှပ်စစ်မီးပူလေးတစ်လုံး ဝယ်ပေးလိုက်သည်။ နေရှင်နယ်တံဆိပ်ကလေး ဖြစ်သည်။ (ကျွန်မသည် လုံချည်များတင်မက အကျႌများကိုပါ သပ်သပ်ရပ်ရပ်ဖြစ်အောင် မီးပူထိုးတတ်နေပါပြီ) အဆောင်မှာ တရားဝင် မီးပူထိုးခွင့် မရှိပါ။

ပထမနှစ်ကျောင်းပိတ်သောအခါ မြို့လေးသို့ပြန်ရောက်သည်။ ကျွန်မတို့မြို့လေး လျှပ်စစ်မီး အချိန်ပြည့်ရနေပြီဖြစ်သည်။ မြို့လေး၏ လျှပ်စစ်မီး အချိန်ပြည့်ရရေးအတွက် မြို့ခံလူထုအနေဖြင့် ငွေအားတင်မက လူအားပါ ရင်းနှီးကြရကြောင်း ကြားသိရပါသည်။ ဘက်ထရီအားသွင်းသည့် လုပ်ငန်းများ သိပ်အလုပ်မဖြစ်ကြတော့ဟု သိရသည်။ တရုတ်ပြည်မှလာသော  မီးအိမ်များ ခေတ်စားနေပြီဖြစ်သည်။ မီးလာချိန်တွင် ပလပ်ထိုး၍ အားသွင်းထားပြီးမီးပျက်ချိန်တွင် အသုံးပြုနေကြသည်။ ဓာတ်ခဲများလည်း သိပ်မရောင်း ရတော့ပေ။ အားပြန်သွင်း၍ရသော ဓာတ်မီးများကို အသုံးပြုနေကြပြီဖြစ်သည်။ တစ်ချို့မီးအိမ်များနှင့် ဓာတ်မီးများမှာ လျှပ်စစ်မီးဖြင့်ပင် အားသွင်းစရာမလိုအပ်ချေ။ နေပူပူထဲမှာချထားလျှင် အားပြန်ပြည့်သော ဆိုလာအားသွင်းစနစ်ပါသည်ဟု ပြောကြသည်။ အရာရာသည် ပြောင်းလဲနေပြီဖြစ်သော်လည်း မပြောင်းလဲသည်မှာ ဖေဖေ့အမူအကျင့်။ အလုပ်မည်မည်ရရမရှိလျှင် ကြေးမီးပူလေးကို ပြောင်လက်နေအောင် တိုက်ချွတ်နေတုန်းပင်။

ကျွန်မ ကျောင်းမှပြန်ပါလာသော လျှပ်စစ်မီးပူလေးဖြင့် မီးပူထိုးဖို့ မေမေ့ကို အတန်တန်နားချရသေးသည်။ ပထမတော့ မေမေက ပေါ့ရွှတ်ရွှတ်နှင့်မို့ မီးပူထိုးရတာ အားမရဘူးဟု ပြောသေးသည်။ အဝတ်အစားတွေ အရင်ကလောက် မပြန့်ဘူးဟု စိတ်ထဲထင်နေကြောင်း ပြောသေးသည်။ နောက်တော့မှ လက်ခံပါသည်။ မီးသွေးမထည့်ရ၊ ယပ်မခပ်ရ၊ မီးပွားပေါက်မှာလည်း မပူရ၍ အရင်ကထက် အဆင်ပြေကြောင်း ကျွန်မက ပြောမိသေးသည်။

အနားတွင် ဖေဖေလည်းရှိ၏။ သို့သော် တစ်ခွန်းမျှ ဝင်မပြောရှာပါ။ သူ့ကြေးမီးပူလေးကိုတော့ သူလှမ်းလှမ်းကြည့်နေသည်။

ကြေးမီးပူလေးကို အသုံးမလိုတော့လျှင် ဘော်တယ်သမားထံရောင်းလိုက်ဖို့ ဖေဖေ့ကို ကျွန်မ ပြောမိလိုက်သည့်နေ့ကို မေ့မရပါ။ စကားနည်းသောဖေဖေသည် ထိုနေ့ကတော့ စကားတွေ အများကြီးပြောတော့သည်။ မေမေကလည်း တစ်ခွန်းမျှ ဝင်မဟန့်။ မဟန့်ပုံထောက်လျှင် မေမေကလည်း ဖေဖေ့စကားကို ထောက်ခံကြောင်း၊ သဘောတူကြောင်း ပေါ်လွင်နေပါသည်။ ကျွန်မမှာ ဖေဖေ့စကားများကို ထွက်မပြေးသာဘဲ နာယူနေရသည်။ သို့သော် ထွက်ပြေးချင်စိတ်များသည်လည်း ပြောပြနေသည့် အကြောင်းခြင်းရာများအောက်ဝယ် ပျောက်ကွယ်သွားခဲ့ရပါသည်။

အာလာဒင်၏မီးခွက်ကို သူ၏ဇနီးဖြစ်သူမှ အဖိုးမတန်ဘူးထင်၍ ရောင်းချလိုက်သည့် ပုံပြင်မှအစပြုကာ ဆုံးမစကားများစွာသည် ဖေဖေ့ပါးစပ်မှ ထွက်ကျလာတော့သည်။ သမိုင်းအမွေအနှစ်များ၏ တန်ဖိုးများအကြောင်းပြောရင်း ခါကာဘိုရာဇီအထိ ရောက်သည်။ မျိုးသုဉ်းတော့မည့် သားငှက်တိရစ္ဆာန် များအကြောင်းပြောရင်း အမျိုးသားဥယျာဉ်အကြောင်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ပေါ့ပေါ့တန်တန် သဘောထားကြ၍ မြောက်ဖျားဒေသ၏ ဂေဟစနစ်များ ယိုယွင်းသွားသည့်အကြောင်း၊ ပုဂံဒေသရှိ စေတီ၊ ပုထိုးများကို ပေါ့ပေါ့တန်တန်သဘောထားပြီး ဖြစ်သလို ပြုပြင်ထိန်းသိမ်းခဲ့ကြ၍ သမိုင်းတန်ဖိုး စိုးရိမ်ရသည့်အကြောင်းပါ ထည့်ပြောသည်။ဖေဖေ့စကားများကို ကျွန်မအနေဖြင့် ထိုစဉ်က သိပ်နားမလည်နိုင်ခဲ့ပါ။ ‘ကြေးမီးပူလေးသည်လည်း ဖေဖေ့အတွက် သမိုင်းတန်ဖိုးတစ်ခု ဖြစ်ချင်ဖြစ်မှာပေါ့’ ဟူ၍ တွေးမိခဲ့သလား မမှတ်မိပါ။ ‘တစ်ချိန်မှာ တန်ဖိုးနားလည်လာလိမ့်မယ်’ ဟူသော စကားကိုတော့ မှတ်မိနေပါသည်။

ယခု ကျွန်မအသုံးပြုနေသည်မှာ နေရှင်နယ်အမှတ်တံဆိပ်နှင့် မီးပူလေးမဟုတ်တော့ပါ။ ဖိလစ်အမျိုးအစား မီးပူလေးဖြစ်သည်။ နေရှင်နယ်ထက် ပို၍ပေါ့ပါးသည်။ ရေဖျန်းစနစ်လည်း ပါသည်။ ပို၍ ခေတ်မီပါသည်။ အတွေးများကိုဖြတ်၍ အလုပ်ကိုအမြန်ပြီးအောင် ကြိုးစားနေမိသည်။ လုပ်ငန်းခွင်သို့ အသွားတွင် ဝတ်ဆင်သွားရန် ယူနီဖောင်းတစ်စုံသာ ကျန်တော့သည်။

ကော်လံလေးကို မီးပူထိုးအပြီးတွင် ကုပ်အဆက်နေရာကို မီးပူဖြင့်ဖိလိုက်သည်။ သို့သော်ပြန့်မသွား။ အပူချိန်ကွန်ထရိုးလေးကို လှည့်ကြည့်တော့လည်း ဆုံးနေပြီဖြစ်၏။ မီးပျက်သွားကြောင်း ကျွန်မသိလိုက်ရပါပြီ။ မှန်ဗီရိုအောက်အဆင့်သို့ လှမ်းကြည့်မိသည်။ ကြေးမီးပူလေးသည် ကျွန်မကို ပြုံးပြနေသယောင် ထင်မိပါသည်။ တောင့်တင်းနေသော ခြေထောက်များကို ဆန့်ထုတ်ပြီး ခါလိုက်သည်။

မှန်ဘီရိုလေးရှိရာသို့ အသွားတွင် ခြံထောင့်သို့ အမှတ်မထင် ကြည့်မိလိုက်သည်။ ထိုနေရာလေးတွင်ရှိသော မန်ကျည်းပင်ပျိုလေးမှ ရွက်နုများသည် စိမ်းဖန့်နေကြသည်။ ကျွန်မတို့သူငယ်ချင်းတစ်စု မန်ကျည်းစေ့များဖြင့် ဇယ်ခုတ်နေကြစဉ် အချိန်ကာလက  ကြေးမီးပူလေးကို မြေကြီးနှင့်ပွတ်၍ သန့်စင်တိုက်ချွတ်နေသော ဖေဖေ့ကို သတိရမိပြန်သည်။

Most Read

Most Recent