မြေယာပြဿနာတွေကနေ ရုန်းထွက်ရဦးမယ့် အထူးစီးပွားရေးဇုန် သီလဝါ

မြေယာပြဿနာတွေကနေ ရုန်းထွက်ရဦးမယ့် အထူးစီးပွားရေးဇုန် သီလဝါ
Published 24 October 2016
နီလာ

ရန်ကုန်မြို့အနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်သည့် သီလဝါ အထူးစီးပွားရေးဇုန်ကို အကောင်အထည် ဖော်လျက်ရှိသည်။ သီလဝါ အထူးစီးပွားရေးဇုန်၌ Zone A နှင့် Zone B ဟူ၍ ခွဲခြားထားပြီး လက်ရှိအချိန်၌ Zone A ၏ တည်ဆောက်ရေး လုပ်ငန်းများပြီးစီးကာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများ၏ ထုတ်လုပ်ရေးလုပ်ငန်းများပင် စီးပွားဖြစ် စတင်လည်ပတ်လျက် ရှိသည်။
သီလဝါ အထူးစီးပွားရေးဇုန်ကို Myanmar Japan Thilawa Development Ltd အမည်ဖြင့်  မြန်မာအစိုးရ၊ ဂျပန်အစိုးရ၊ မြန်မာပုဂ္ဂလိက လုပ်ငန်းစုနှင့် ဂျပန်ပုဂ္ဂလိက လုပ်ငန်းစုတို့ ပူးတွဲထည့်ဝင် လုပ်ဆောင်သော မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီက အကောင်အထည် ဖော်နေခြင်းဖြစ်သည်။
သီလဝါအထူးစီးပွားရေးဇုန် Zone A
မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထူးစီးပွားရေးဇုန်ဖြစ်သော သီလဝါ အထူးစီးပွားရေးဇုန်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။
သီလဝါ အထူးစီးပွားရေးဇုန် Zone A တွင် နိုင်ငံတကာမှ ကုမ္ပဏီ ၆၈ ခုအထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့် ရရှိထားပြီး ပမာဏ ဒေါ်လာသန်း ၈၈၀ အထိ ဝင်ရောက် မြှုပ်နှံထားကြောင်း Myanmar  Japan Thilawa Development Ltd မှ Officer & General Manager ဖြစ်သူ ဦးမြင့်ဇော်က ပြောကြားသည်။
၂၀၁၆ ခုနှစ် ဧပြီလတွင် အစိုးရသစ် လက်ထက်မှစတင်၍ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူအရေအတွက် ပိုမိုများပြားလာပြီး လက်ရှိအချိန် သီလဝါ၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း ၇၈ ခုရှိကြောင်း သိရသည်။ သီလဝါ အထူးစီးပွားရေးဇုန် မစတင်မီကာလက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အများဆုံးလုပ်ငန်းမှာ လုပ်သားအရေအတွက် အဓိကထားသော အထည်ချုပ် လုပ်ငန်းများ ဖြစ်ကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်၏ အခြေခံအဆောက်အအုံများကြောင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်စေနိုင်ခဲ့ကြောင်း၊ ယခုအခါ အထည်ချုပ်စက်ရုံများ သာမက ဘိလပ်မြေနှင့် စတီး             စသည်ဖြင့် ဆောက်လုပ်ရေး ဆိုင်ရာပစ္စည်းများ ထုတ်လုပ်သောစက်ရုံပေါင်း ၁၉ ခု၊ အဖျော်ယမကာ လုပ်ငန်းထုပ်ပိုးမှုအတွက် အလူမီနီယံ နှင့် သံဘူးလုပ်ငန်းအပါအဝင် အစားအသောက် အဖျော်ယမကာဆိုင်ရာ ထုတ်လုပ်သော စက်ရုံပေါင်း ၁၅ ခု၊ စိုက်ပျိုးရေးစက်ပစ္စည်းနှင့် ဓာတ်မြေသြဇာ စသည်ဖြင့် စိုက်ပျိုးရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်သော စက်ရုံပေါင်း ၁၀ ခု၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အစိတ်အပိုင်းဆိုင်ရာပစ္စည်းများ ထုတ်လုပ်သော စက်ရုံပေါင်းငါးခု၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ထုတ်လုပ်သော စက်ရုံငါးခုနှင့် အခြားစက်ရုံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
သီလဝါအထူးစီးပွားရေးဇုန် Zone B
သီလဝါ အထူးစီးပွားရေးဇုန် Zone B ၏ ၁၀၁ ဟက်တာအား အကောင်အထည်ဖော် ဆောင်ရွက်ရန် အောက်တိုဘာ ၂၁ ရက်က နေပြည်တော်တွင် မြန်မာ - ဂျပန် လက်မှတ်ရေးထိုးခဲ့သည်။ သီလဝါ အထူးစီးပွားရေးဇုန် Zone B တွင် ဧရိယာဟက်တာ ၇၀၀ ကျော် ရှိသည့်အနက် ဟက်တာ ၁၀၁ အား စတင်အကောင်အထည်ဖော် ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန် Zone B ရဲ့ မြေယာပြဿနာ
သီလဝါ အထူးစီးပွားရေးဇုန် Zone B ကို အကောင်အထည် ဖော်ရန်အတွက်  မြန်မာအစိုးရနှင့် ဒေသခံများအကြား ဆွေးနွေးလျက်ရှိရာ ယင်းသို့ဆွေးနွေးမှု အဆင်မပြေခဲ့ပါက ဂျပန်နိုင်ငံအနေဖြင့် ဆက်လက် လုပ်ဆောင်မည်မဟုတ်ဘဲ စီမံကိန်း ရပ်ဆိုင်းမှုပင် ရှိလာနိုင်ကြောင်း Myanmar Japan Thilawa Development Ltd မှ President & CEO ဖြစ်သူ Mr.YANAI Takashi က ပြောကြားခဲ့သည်။
သီလဝါ အထူးစီးပွားရေးဇုန် Zone B ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်အကောင်အထည် ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ “Zone B နဲ့ပတ်သက်ပြီး လက်ရှိ နေထိုင်တဲ့သူတွေနဲ့ ပတ်သက်ပြီး ဘယ်လိုပေးနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရမှာပဲ တာဝန်ရှိပါတယ်။ ကျွန်တော်တို့မှာ တာဝန်မရှိပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့ကတော့ ဒီမြေကို ပြန်ဝယ်မယ်။ ဝယ်ပြီးရင် နေထိုင်တဲ့သူတွေအတွက် ဘာတွေပေးနိုင်မလဲ။ အဲဒီကိစ္စတွေ ရှိနေသေးတယ်။ အဲဒါကြောင့်မို့ အဲဒါတွေ ပြီးပြီးချင်းစပြီး အကောင်အထည် ဖော်နိုင်အောင် တည်ဆောက်ရေးလုပ်ငန်းကို စနိုင်မှာဖြစ်ပါတယ်” ဟု Mr.YANAI Takashi က ပြောကြားခဲ့သည်။
“ဒီကိစ္စမပြတ်သေးရင် နောက်ဆုတ်သွားနိုင်ပါတယ်။ ပြီးလို့ရှိရင် အစိုးရနဲ့ ဒေသခံတွေ လုံးဝအဆင်မပြေဖြစ်နေရင် ကျွန်တော်တို့က ဆက်လုပ်သွားလို့ မရဘဲနဲ့ စပြီးအကောင်အထည်ဖော်ဖို့ လုပ်ငန်းက လုံးဝရပ်သွားတာလည်း ရှိကောင်း ရှိနိုင်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
Zone B ကြောင့် ဒေသခံများအား ပြောင်းရွှေ့ နေရာချထားပေးရမှုများ ရှိနေသဖြင့် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာအစိုးရနှင့် ဒေသခံများအကြား သေချာဆွေးနွေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် Zone B ကို အမြန်ဆုံး စတင်နိုင်ရန် ရည်ရွယ်ထားသော်လည်း လက်ရှိနေထိုင်သူများ ရှိနေသေးသဖြင့် ယင်းတို့၏ အခြေအနေကို ဦးစားပေး ဆောင်ရွက်ပေးစေချင်ကြောင်းနှင့် စီမံကိန်း မြန်မြန်စတင်လိုသဖြင့် မြန်မြန်ဖယ်ရှားခိုင်းသည့် အခြေအနေမျိုး မဖြစ်စေချင်ကြောင်း Mr.YANAI Takashi က ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန် Zone B အကောင်အထည်ဖော်ရန် မြေယာလျော်ကြေးပေးမှု အပိုင်းတွင် ရှုပ်ထွေးမှုများ ရှိနေကြောင်းသိရသည်။ သီလဝါ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရာတွင် Zone A နှင့် Zone B ခွဲခြားထားရာ Zone A တွင် ဟက်တာ ၃၉၆ ဒသမ ၀၃၂ (၉၇၈ ဒသမ ၆၉၁ ဧက) ရှိပြီး Zone A ၏ အကောင်အထည်ဖော်မှု အပိုင်းမှာ အတိုင်းအတာတစ်ခုအထိ ပြီးစီးနေပြီဖြစ်သည်။
ထို့ပြင် Zone A စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရသည့် ဒေသခံ ၆၈ အိမ်ကို ပြောင်းလဲနေရာချထားရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြေနေရာ သတ်မှတ်ပေးခဲ့ကြောင်း၊ မြေကွက် အကျယ်မှာ ပေ၂၅_၅၀ ရှိကြောင်း၊ အိမ်ဆောက်ရန် တန်ဖိုးကျပ် ၂၅ သိန်း ပေးချေခဲ့ကြောင်း သိရသည်။
“မြေကတော့ ၁၉၉၆ ကတည်းက နိုင်ငံတော်က မြေလျော်ကြေးတွေ ပေးထားတဲ့အတွက် ဒီအပေါ်မှာ မူရင်းတောင်သူရှိသလို အခြားကလာတဲ့ သူတွေရှိတယ်။ မြေလျော်ကြေးနဲ့ ပတ်သက်လို့ကတော့ Zone A မှာ ထပ်ပြီးမပေးထားဘူး။ ဒါပေမဲ့ ဘာထပ်ပေးထားလဲဆိုတော့ မြန်မာမူနဲ့မတူတဲ့ JICA ရဲ့မူအတိုင်းဆိုရင် သီးနှံအတွက် စပါးစိုက်တယ်ဆိုရင် စပါးကို ခြောက်နှစ်စာပေးတယ်။ စပါးတစ်ဧက တင်း၂၀ ပဲထွက်ထွက် ၃၀ ပဲထွက်ထွက် တင်း ၅၀ လို့ သတ်မှတ်လိုက်တယ်။ အဲဒီတင်း ၅၀အပေါ်မှာ ခြောက်နှစ်စာပေးတယ်။ ခြောက်နှစ်စာဆိုတော့ တင်း ၃၀၀၊ အဲဒီတင်း ၃၀၀ ကို ထောက်ပံ့ကြေး ပေးတဲ့အချိန်မှာ ကာလပေါက်ဈေးအတိုင်း ပေးခဲ့တယ်။ ပြီးရင် သီးနှံဆိုရင် ကန်စွန်းရွက်ဆိုရင် တစ်ခင်းကို ဘယ်လောက်၊ ချဉ်ပေါင်ဆိုရင် တစ်ဘောင်မှာ ဘယ်နှပင်စိုက်လဲ။ တစ်ပင်နှုန်းကိုတွက်ပြီး ရာသီသီးနှံဆိုရင် သုံးနှစ်စာပေးတယ်။ နှစ်ရှည်သီးနှံ ငှက်ပျောတို့ သရက်ပင်တို့ အုန်းပင်တို့ ဆိုရင်တောင် သူနဲ့ ဆွေးနွေးပြီးမှ ကျေနပ်လောက်တဲ့နှုန်းကို ညှိနှိုင်းပြီးတော့မှ တန်ဖိုးတစ်ခုကို လေးနှစ်စာ ပေးလိုက်တယ်။ နွား၊ လှည်း၊ လယ်ထွန်စက် စတာတွေကိုလည်း တောင်သူ ကျေနပ်တဲ့တန်ဖိုးတစ်ခု သတ်မှတ်ပြီး လျော်ကြေးပေးထားတယ်။ အဲလိုတွေ ညှိနှိုင်းပြီးတော့မှ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ပြောင်းပြီးတဲ့အချိန်မှာ လိုအပ်ချက်တော့ရှိမှာပဲ။ လယ်ကွင်းထဲမှာ နေရာချထားလိုက်တဲ့ အတွက် ရေကြီးတာတွေ ရှိလာမယ်။ အိမ်သာနဲ့ ပတ်သက်လို့ Maintainance လုပ်ရတာရှိမယ်။ ဒါတွေကိုလည်း အစိုးရပိုင်းကရော ကျွန်မတို့ ကုမ္ပဏီပိုင်းကရော လိုတာတွေကို ကြည့်ရှုပြီး လိုတာမှန်သမျှ ဖြည့်ဆည်းပေးနေပါတယ်” ဟု MJTD မှ Community Relationship Officer ဖြစ်သူ ဒေါ်အိအိခိုင်က ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်
“ကျွန်တော်တို့ လက်ရှိတာဝန်ယူနေတဲ့ အပိုင်းကတော့ resettlement work တွေ အကုန်လုံးကို ကျွန်တော်တို့ကုမ္ပဏီက Funding လုပ်ပေးရတယ်။ ဒီဟာတွေကို ဖော်ဆောင်တဲ့ Implementation က Government ကလုပ်ပါတယ်” ဟု MJTD မှ Officer & General Manager ဖြစ်သူ ဦးမြင့်ဇော်က ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန်၊ Zone B တည်ဆောက်မှုကို မကြာခင် စတင်တော့မည် ဖြစ်သော်လည်း မြေယာလျော်ကြေးနှင့် ပတ်သက်ပြီး လက်ရှိအချိန်အထိ တစ်စုံတစ်ရာမျှ မသိရသေးကြောင်း Zone B ဧရိယာတွင် ပါဝင်သည့် လယ်သိမ်းခံ တောင်သူများထံမှ သိရသည်။
“မြေသိမ်းတာကို ၁၈၉၄ ခုနှစ် မြေသိမ်းဥပဒေနဲ့ သိမ်းမယ်လို့ ပြောတယ်။ လျော်ကြေးနဲ့ ပတ်သက်ပြီးကျတော့ အခုဟာ JICA က လျော်မလိုလို၊ စီမံခန့်ခွဲမှု ကော်မတီကပဲ လျော်မလိုလို MJTD လျော်မလိုလို တိုင်းဒေသကြီးက လျော်မလိုလို ဘာမှ ဂဃဏန မသိသေးတာ” ဟု Zone B စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် ဒေသတွင် ပါဝင်သည့် သန်လျင်မြို့နယ် အလွမ်းဆွတ်ကျေးရွာမှ ဦးမြကြိုင်က ပြောကြားသည်။
ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်မှုကြောင့် ဖွံ့ဖြိုးတိုးတက်နေသော်လည်း အဆိုပါစီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရသည့် ဒေသခံများ၏ ဘဝထိခိုက်နစ်နာသွားရသည့် အခြေအနေမျိုး မဖြစ်သင့်ကြောင်းလည်း ဒေသခံများက ဆိုသည်။
“Zone A ကြောင့် ထိခိုက်သွားတဲ့ လူတွေရဲ့ ပြဿနာ၊ ရေပြဿနာ၊ မြေဂရန်ဆို ခုထက်ထိ မရသေးဘူး။ သူတို့ဘဝပြန်လည်ထူထောင်ရေး စနစ်တကျဘာမှမရှိဘူး။ သူတို့ရဲ့ စိုက်ပျိုးစားသောက်ခွင့်ဆိုတဲ့ ဘုံမြေလေးတောင်မှ ဟိုနေ့ရမယ် ဒီနေ့ရမယ်နဲ့ အခြားအခြား ပြဿနာ တွေအများကြီး ရှိသေးတယ်။ အခု Zone B ကို ကိုင်မယ်လို့ စတင်ကတည်းက စတင်လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို အရင်ဆုံးဖြေရှင်းပါ။ ဖြေရှင်းပြီးတော့မှ Zone B ကို စတင်ပြီး ကိုင်တွယ်ဖို့စဉ်းစားပါ။ အဲလို မဟုတ်လို့ ဒီလိုလုပ်ရကိုင်ရ အခက်ခဲရှိနေရင် ဒေသခံတွေက လိုအပ်တာအားလုံး ပူးပေါင်းဆောင်ရွက်မယ်။ ဒီလိုလက်မခံရင် ဒေသခံတွေက ဆန့်ကျင်ရလိမ့်မယ်” ဟု Thilawa Social Development Group မှ ဦးမြလှိုင်က ပြောကြားသည်။
လက်ရှိအချိန်၌ သီလဝါ အထူးစီးပွားရေးဇုန် Zone B နှင့်ပတ်သက်ပြီး EIA(Environmental Impact Assessment) ကို ထုတ်ပြန်ထားပြီဖြစ်သော်လည်း အဆိုပါ EIA ပါ အချက်အလက်များကို ဒေသခံများအနေဖြင့် နားလည်ခြင်း မရှိကြောင်း၊ ထို့ကြောင့် ဒေသခံများ နားလည်အောင် ပြန်လည်ရှင်းလင်းပြစေလိုကြောင်း ဒေသခံများဆိုသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က “သီလဝါ အထူးစီးပွားရေးဇုန်ဘက်စုံ တည်ဆောက်ရေး၊ ဆက်စပ်အခြေခံ အဆောက်အအုံများ တည်ဆောက် အကောင်အထည် ဖော်ရေးနဲ့ သီလဝါဇုန်အား နိုင်ငံတကာအဆင့်မီ ဇုန်တစ်ခုဖြစ်ပေါ်ရေး စသည့်ဆောင်ရွက်ချက်များကို အဘက်ဘက်က ကူညီပေးခဲ့တဲ့ ဂျပန်အစိုးရနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများကို ကျေးဇူးတင်ပါတယ်။ စီမံကိန်းနေရာများက အိမ်ရာ ရွှေ့ပြောင်းရေးကိစ္စကို ဦးစီးဦးဆောင်ပြု ဆောင်ရွက်လျက်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကိုလည်း လိုအပ်တဲ့ အကူအညီများ ပံ့ပိုးပေးရန် ပြောလိုပါတယ်” ဟု Zone B ၁၀၁ ဟက်တာ လက်မှတ်ရေးထိုးပွဲတွင် ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးဆိုင်ရာ အနာဂတ်မျှော်မှန်းချက်တွင် နည်းလမ်းနှစ်သွယ် ချမှတ်ထားပြီး နည်းလမ်း (၁) အရ စုစုပေါင်းဧရိယာ ဟက်တာ ၁၉၈၀ ပေါ်တွင် စက်မှုလုပ်ငန်းများအတွက် ၁၁၅၈၊ လူနေရပ်ကွက် အတွက် ဟက်တာ ၂၀၀၊ ကူးသန်းရောင်းဝယ်ရေး အတွက် ဟက်တာ ၂၀၊ လမ်းနှင့် စိမ်းလန်းမြေအတွက် ဟက်တာ ၅၅၂ သတ်မှတ်ထားကြောင်း သိရသည်။
နည်းလမ်း (၂) တွင်မူ စုစုပေါင်းဧရိယာ ၁၈၁၉ ဟက်တာပေါ်တွင် စက်မှုလုပ်ငန်းများအတွက် ၉၈၆၊ လူနေရပ်ကွက်အတွက် ၁၃၁၊ ကူးသန်းရောင်းဝယ်ရေးအတွက် ဟက်တာ ၁၅ နှင့် လမ်းနှင့် စိမ်းလန်းမြေ အတွက်  ၆၈၇ ဟက်တာ လျာထားထားကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်အပေါ် မျှော်လင့်ချက်က တကယ်ဖြစ်လာမလား
“ကျွန်တော်တို့က private ကုမ္ပဏီဖြစ်တဲ့အတွက် ရည်ရွယ်ချက်ကတော့ income ရဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ပိုပြီးအရေးကြီးတာ တစ်ခုရှိတယ်။ အဲဒါက မြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့ ဆိုတာကို ရည်ရွယ်ထားပါတယ်။အဲဒီအပေါ်မှာ မူတည်ပြီးတော့မှ ဆက်လုပ်သွားပါမယ်” ဟု Myanmar Japan Thilawa Development Ltd မှ President & CEO ဖြစ်သူ Mr.YANAI Takashi က ပြောကြားသည်။
“ကျွန်တော်တို့ အနေနဲ့ကတော့ ဒီနိုင်ငံရဲ့ စီးပွားရေး တိုးတက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ FDI တွေအများကြီးခေါ်မယ်။ ခေါ်ပြီးတော့မှ ဆွဲဆောင်ပြီးတော့မှ ဒီနိုင်ငံရဲ့ စီးပွားရေးအနေနဲ့ Contribution ပေးချင်တယ်လို့ စဉ်းစားထားပါတယ်။ ကျွန်တော်တို့အနေနဲ့ Products ကုမ္ပဏီတစ်ခုအနေနဲ့ Income အများကြီးရဖို့ နာမည်ရဖို့ ကြိုးစားမယ်ဆိုရင်တော့ မြေကြီးကို ဒီအတိုင်းပဲ ရောင်းပစ်လိုက်မယ်။ စက်ရုံလည်းမဆောက်ဘူး။ ဘာမှလည်းမဆောက်ဘူး။ အထဲမှာ ဘာမှမရှိဘူး။ အဲဒီလိုအခြေအနေ ဖြစ်သွားရင်လည်း ကိစ္စမရှိဘူး။ ကျွန်တော်တို့မြေကြီးကို ရောင်းလိုက်ရင် OK၊ အဲဒီလိုလုပ်လိုက်ရင်လည်း ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်တော့မှ အဲဒီလိုမလုပ်ခဲ့ဘူး။ အဲဒါက ရည်ရွယ်ချက်ရှိလို့ မလုပ်ခဲ့တာပါ။ ဒါကြောင့်မို့ ကျွန်တော်တို့က ပိုက်ဆံရဖို့ တစ်ခုတည်းကို ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုကို Contribution လုပ်ပေးချင်တယ်။ နောက်ပြီးတော့ ဒီမိုကရေစီ အခြေအနေကို Stable ဖြစ်အောင်ပေးချင်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန် Zone A တွင် နိုင်ငံတကာမှ ကုမ္ပဏီ ၆၈ ခုအထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခွင့်ရရှိထားပြီး ပမာဏ ဒေါ်လာသန်း ၈၈၀ အထိ ဝင်ရောက် မြှုပ်နှံထားသည်။ ၂၀၁၆ ခုနှစ် ဧပြီလ အစိုးရသစ် လက်ထက်မှစ၍ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူ အရေအတွက် ပိုမိုများပြားလာပြီး လက်ရှိအချိန်တွင် သီလဝါ၌ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ စုစုပေါင်း ၇၈ ခုရှိနေသည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Tateshi Higuchi က” အခုအချိန်က သီလဝါ အထူးစီးပွားရေးဇုန် အနာဂတ်အတွက် အင်မတန်ကို အရေးကြီးတဲ့ အချိန်ရောက်ရှိလာတယ်လို့လည်း ပြောလို့ရပါတယ်။ ဝင်ရောက် ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီတွေရဲ့အသံကို နားစွင့်ပြီး ဝင်ရောက် လုပ်ကိုင်လိုတဲ့ကုမ္ပဏီတွေက အကျိုးအမြတ်ရရှိနိုင်မယ့် အနေအထားတစ်ခုကို ဖန်တီးမှသာလျှင် သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုက တစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရဲ့ တိုးတက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ၏ ပထမဆုံးအထူး စီးပွားရေးဇုန်ဖြစ်ကာ မြန်မာနိုင်ငံ၏ စီးပွားရေးကို အထောက်အကူပြုနိုင်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများစွာကိုလည်း ဖိတ်ခေါ်နိုင်ခဲ့ရာ တိုင်းပြည်အတွက် များစွာသော အကျိုးကျေးဇူးများ ရရှိစေနိုင်သော်လည်း ယေဘုယျအားဖြင့် ထိုကဲ့သို့သော အကြီးစား ဖွံ့ဖြိုးမှုစီမံကိန်းများသည် စီမံကိန်းဧရိယာတစ်ဝိုက် ပတ်ဝန်းကျင်ဒေသများနှင့် လူနေမှု အခြေအနေများပေါ်တွင် အနည်းငယ်သော အဆင်မပြေမှုများ ဖြစ်ပေါ်စေနိုင်သည်။
“စီမံကိန်းကြီးတွေကြောင့် ဖွံ့ဖြိုးတိုးတက်တယ်ဆိုပေမယ့် ပြောင်းပေးလိုက်ရတဲ့ ဒေသခံတွေ စုတ်ပြတ်သတ်သွားတဲ့ အခြေအနေမျိုးတော့ မဖြစ်သင့်ပါဘူး” ဟု Zone B ကြောင့် ပြောင်းရွှေ့ပေးရမည့် ကျေးရွာထဲ တွင်ပါဝင်သည့် အလွမ်းဆွတ်ကျေးရွာမှ ဒေသခံဦးမြလှိုင်က ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန်၏ ထုတ်ကုန်တင်ပို့မှုအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၄၁ သန်းအထိ ရရှိနိုင်မည်ဖြစ်ကြောင်း၊ နောင်နှစ်အနည်းငယ်အတွင်း တိုးချဲ့လာမည့် ရင်းနှီးမြှုပ်နှံမှုများကြောင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဒေါ်လာသန်း ၁၀၀၀ အထိ တိုးလာနိုင်ပြီး ထုတ်ကုန်တင်ပို့မှု သည်လည်း တစ်နှစ်လျှင် ဒေါ်လာ သန်း ၃၅၀ အထိ ရရှိနိုင်ကြောင်း သိရသည်။
သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရရှိပြီးဖြစ်သော ကုမ္ပဏီများမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း  ၁၅၀၀၀ ခန့် ဖန်တီးနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် အလုပ်အကိုင်ပေါင်း ၂၅၀၀ နှင့် ၃၀၀၀ အကြား ဖန်တီးပေးထားကြောင်း သိရသည်။
အဆိုပါ သီလဝါ အထူးစီးပွားရေးဇုန်ကို မြန်မာဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်ဘက်မှ ၄၉ ရာခိုင်နှုန်းဖြင့် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။