ရခိုင်ပြည်နယ်အတွင်း အရေးတကြီး ဖြစ်ပေါ်နေသော အကြောင်းအရာနှစ်ရပ် အပေါ်တွင် မူတည်၍ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ခေါ်ယူနိုင်ရေး လွှတ်တော်ဥက္ကဋ္ဌထံ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့က လက်မှတ်ရေးထိုးပြီး တင်ပြတောင်းဆိုထားကြောင်း သိရသည်။“အရေးပေါ် အခြေအနေ ဖြစ်နေလို့ လွှတ်တော် အထူးအစည်းအဝေး တစ်ရပ်ကို ခေါ်ယူပေးဖို့ လွှတ်တော်ဥက္ကဋ္ဌဆီကို သြဂုတ် ၂၆ ရက်က စာတင်ထားတယ်။ ဘာလို့လဲဆိုတော့ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ ပတ်သက်ပြီး အဆိုတစ်ခုနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်းလိုက်တဲ့အပေါ် မကျေနပ်တဲ့အတွက် အခုလိုမျိုး လွှတ်တော်ခေါ်ဖို့ တင်ပြတောင်းဆိုရခြင်း ဖြစ်ပါတယ်” ဟု မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးမြသန်းက ပြောကြားသည်။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များသည် ရခိုင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီး အထူးသဖြင့် ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းပေးထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ကိစ္စရပ်ဖြစ်ပြီး ယင်းနှင့် ပတ်သက်၍ အဆိုပါ ကော်မရှင်အား ဖျက်သိမ်းပေးရေးအတွက် ရခိုင်အမျိုးသား ပါတီမှ အလေးအနက် တောင်းဆိုကြောင်း သဘောထားကြေညာချက် တစ်ခုကို သြဂုတ် ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။အဆိုပါ ကြေညာချက်တွင် ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက် နေ့စွဲဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ချက်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသား အားလုံး၏ မူလ အခွင့်အရေးများကို ထိခိုက်ဆုံးရှုံးစေရာ ရောက်သည်သာမက နိုင်ငံ၏ အချုပ်အခြာ အာဏာကိုပင် ထိခိုက်လာနိုင်သော အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု ရှုမြင်ကြောင်း၊ ပြည်သူ အများစု ရွေးချယ်တင်မြှောက်ထားသော အစိုးရသစ်တစ်ရပ် အနေဖြင့် အလွန်အရေးကြီးသော ပြည်တွင်းငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေး စသည့် ကဏ္ဍများကို ဦးစားပေး လုပ်ဆောင်ရမည့်အစား အလွန် ထိလွယ်ရှလွယ်သော ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီ အရေးကိုသာ ရှေ့တန်းတင် ဇောင်းပေးလုပ်ဆောင်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိပါးခြင်းများ ဖြစ်လာနိုင်သည်ဟု သုံးသပ် ရှုမြင်သဖြင့် သဘောထားကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။“ကိုယ့်ပြည်တွင်းမှာ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေ ရှိပါလျက်နဲ့ နိုင်ငံခြားသားတွေ ဝင်ပါလာတယ်။ ဒါဟာ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာလည်း ရောက်တယ်။ ပြီးတော့ ၈၂ နိုင်ငံသား ဥပဒေမှာ ဆိုရင်လည်း ဘူးသီးတောင်မြို့နယ်မှာ ဘင်္ဂါလီ ၂၉ ဦးကို မစစ်ဆေးဘဲ လက်မှတ်ထိုးပြီး ပြည်နယ်ကို တင်ပြတယ်ဆိုတာ ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက သွားရောက်စုံစမ်းထားပြီးလည်း ဖြစ်တယ်။ ဒါကြောင့် အခုလိုမျိုး လွှတ်တော်မှာ တင်ပြနိုင်အောင် ကြိုးစားရတာ ဖြစ်ပါတယ်” ဟုလည်း ဦးမြသန်းက ပြောကြားသည်။အဆိုပါ လွှတ်တော်အစည်းအဝေးကို ရခိုင်ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၃ အရ ခေါ်ယူရန် တင်ပြခြင်းဖြစ်ကာ လာမည့် စက်တင်ဘာ ၁၂ ရက်တွင် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတစ်ရပ် ခေါ်ယူနိုင်ရေး လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးက ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြတောင်းဆို















