ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်းခြင်းအပေါ် ပြည်ထောင်စုသား အားလုံးက အမျိုးသားရေး သတိဖြင့် စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက သြဂုတ် ၂၅ ရက်တွင် သဘောထား ထုတ်ပြန်သည်။အဆိုပါ သဘောထား ထုတ်ပြန်ချက်တွင် နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ် သြဂုတ် ၂၄ ရက်က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်တစ်ရပ် ဖွဲ့စည်းခဲ့သည်ဟု သိရကြောင်း၊ အဆိုပါ ကော်မရှင်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနနှင့် ကိုဖီအာနန် ဖောင်ဒေးရှင်းတို့အကြား နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ်ရေးထိုး၍ ကော်မရှင် ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန် အပါအဝင် နိုင်ငံတကာမှ ပုဂ္ဂိုလ်သုံးဦးနှင့် မြန်မာနိုင်ငံသားပုဂ္ဂိုလ် ခြောက်ဦး စုစုပေါင်း အဖွဲ့ဝင် ကိုးဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟု သိရကြောင်း ဖော်ပြပါရှိသည်။ထို့ပြင် ရခိုင်ပြည်နယ် အရေးကိစ္စသည် ပြည်တွင်းရေးကိစ္စတစ်ခုဖြစ်ပြီး အစိုးရ အဆက်ဆက်ကလည်း ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးနေဆဲ ကိစ္စဖြစ်ကြောင်း၊ ကော်မရှင် ဖွဲ့စည်းရာတွင် နိုင်ငံတကာ ပုဂ္ဂိုလ်များ ပါဝင်လာခြင်းသည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ပြည်တွင်းရေးရာ ကိစ္စကို နိုင်ငံတကာ အရေးကိစ္စအဖြစ် ဦးတည်နေသကဲ့သို့ဖြစ်ကြောင်း သုံးသပ်ရရှိပြီး ကော်မရှင်၏ လုပ်ငန်းမှာလည်း လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုကိုသာ ဦးစားပေးထားပြီး အမျိုးသားရေးနှင့် နိုင်ငံတော် လုံခြုံရေး ကိစ္စများကို လျစ်လျူရှုသကဲ့သို့ ဖြစ်နေသည်ကို တွေ့ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။သို့ဖြစ်၍ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းအပေါ် အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အမျိုးသားရေးအသိ လုံခြုံရေးသတိဖြင့် စောင့်ကြည့်သုံးသပ်လျက်ရှိပြီး ပြည်ထောင်စုသား အားလုံးကလည်း အမျိုးသားရေးအမြင် အမျိုးသားရေး သတိဖြင့် စောင့်ကြည့်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်းခြင်းအပေါ် ပြည်ထောင်စုသား အားလုံးက အမျိုးသားရေး သတိဖြင့် စောင့်ကြည့်ရန် လိုအပ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်















