ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန် နီးကပ်စဉ် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကို ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ စိုးရိမ်နေ

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန် နီးကပ်စဉ် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကို ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ စိုးရိမ်နေ
Published 26 August 2016
ထွန်းလင်းအောင်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန် နီးကပ်စဉ် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ဖြစ်ပွားနေမှုကို ကချင်နိုင်ငံရေး ပါတီများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက စိုးရိမ်နေကြောင်း သဘာထား ထုတ်ပြန်ချက်အရ သိရသည်။ယင်းသဘောထား ထုတ်ပြန်ချက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ကျင်းပရန် ရက်ပိုင်းအလိုတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်မှုများ၊ စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်လာသည့်အပေါ် ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက စိုးရိမ်ပူပန်နေကြောင်း၊ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးဒုက္ခသည် ရာနှင့်ချီ တိုးလာပြီး ခရီးသွားလာရေးနှင့် လုပ်ကိုင်စားသောက်မှုများ လွန်စွာ ခဲယဉ်းလာကြောင်း၊ ကမ္ဘာ့က စောင့်ကြည့်နေသည့် ငြိမ်းချမ်းရေး ညီလာခံ ကာလတွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်တန့်ပေးရန် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီမှ သဘောထား ထုတ်ပြန်ခဲ့သည်။ကချင်ဒီမိုကရက်တစ် ပါတီမှ ဦးဂျော်ဆန်နော်က “တိုက်ပွဲတွေ ဖြစ်နေတာ ကြာပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းက လေယာဉ်သုံး တိုက်ခိုက်တာတွေပါ ဖြစ်နေတယ်။ ငြိမ်းချမ်းရေး ညီလာခံ နီးတော့ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို ထောက်ခံတဲ့ အနေနဲ့ တိုက်ပွဲတွေ၊ ထိုးစစ်တွေကို ရပ်ဆိုင်းသင့်တယ် ထင်လို့ သဘောထား ထုတ်ပြန်တာပါ။ အများပြည်သူတွေလည်း ဒုက္ခရောက်တယ်။ လမ်းတွေ ပိတ်တယ်။ ကချင်ပြည်နယ်မှာက ဖားကန့်၊ တနိုင်းဘက်တွေမှာ ဖြစ်တယ်။ လိုင်ဇာဘက်မှာ ဖြစ်တယ်။ ဒီတစ်ပတ်အတွင်းမှာတော့ ကချင်ပြည်နယ် အန့ှံပါပဲ။ တပ်မတော်ဘက်ကို ပြောရတာက တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အနေအထားဖြစ်လို့ တိုင်းရင်းသားတွေဘက်က ထိုးစစ် အနေအထားထက် ခံစစ်အနေအထား ဖြစ်နေလို့ပါ” ဟု ပြောကြားသည်။တပ်မတော်က သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီနောက်ပိုင်းမှ စတင်ကာ ဝိုင်းမော်မြို့နယ် ဂျာထဒေသသို့ လေကြောင်းသုံး တိုက်ခိုက်မှုများရှိကြောင်း ကေအိုင်အေဘက်မှ ပြောကြားခဲ့သော်လည်း တပ်မတော်ဘက်မှ မည်သို့မျှ ဖြေကြားထားခြင်း မရှိသေးချေ။မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ သြဂုတ် ၂၄ ရက် မြဝတီ သတင်းစာတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆမားလမ်းခွဲ ဝန်းကျင်တွင် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောက်ရွက်စဉ် ဆမား-ဂဂမ်ဒေသသို့ ရောက်ရှိစဉ် ကေအိုင်အေလက်နက်ကိုင် ၁၀ ဦးခန့်က လမ်းဘေးဝဲယာတွင် ရီမုမိုင်း ခုနစ်လုံး ဖောက်ခွဲ၍ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ပြီး တပ်မတော်မှ ပြန်လည် ပစ်ခတ်ကြောင်း မြဝတီသတင်း Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ယခု သြဂုတ်လအတွင်း ဖားကန့်လမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သားကားများ မိုင်းထိမှု၊ ဖားကန့်ဒေသသို့ သွားရောက်သည့် ရဲယာဉ်တန်းများ ပစ်ခတ်ခံရမှု၊ စာသင်ကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပြီး ဆရာမနှင့် ကျောင်းသား ဒဏ်ရာ ရရှိမှု၊ နေအိမ် မီးလောင်မှုများ ဖြစ်ပွားခဲ့ပြီး ဖားကန့်နှင့် တနိုင်းလမ်းမကြီးပေါ်နှင့် မြစ်ကြီးနား-ကန်ပိုင်တည် လမ်းမကြီးပေါ်တွင်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် လမ်းကြောင်းပိတ်ဆို့မှု မကြာခဏ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent