ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံသို့ ရွေးကောက်ပွဲ အနိုင်မရသည့် ပါတီ ၇၀ ကိုယ်စားပြု ကိုယ်စားလှယ် ငါးဦးသာ တက်ရောက်ခွင့်ပြုသည့် အစိုးရ၏ သတ်မှတ်ချက်အား လက်မခံကြောင်း တိုင်းနှင့် ပြည်နယ် အသီးသီးအခြေစိုက် ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများက ကြေညာချက်ထုတ်ပြန်မှုများ ရှိသည်။
သြဂုတ် ၂၃ ရက်ကလည်း ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ပြုလုပ်ခဲ့သည့် ၂၁ ရာစုပင်လုံသို့ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်မရသည့် ပါတီ ၇၀ အား ပါဝင်တက်ရောက်ရန် ကိုယ်စားလှယ် ငါးဦး ရွေးချယ်ရေး အစည်းအဝေးကို ပြုလုပ်ခဲ့ရာ တက်ရောက်ခွင့်ပြုမည့် ကိုယ်စားလှယ်များကို နိုင်ငံရေးပါတီများ အစုအဖွဲ့တွင် မဟုတ်ဘဲ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့မှသာ ပါဝင်ဆွေးနွေးရန် စီမံလာခြင်းဖြစ်၍ နိုင်ငံရေးပါတီများအား နှိမ့်ချခွဲခြားဆက်ဆံလာသည့် အစီအမံသာဖြစ်သဖြင့် ၎င်းအစီအစဉ်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း တက်ရောက်ခဲ့သည့် ရွေးကောက်ပွဲအနိုင်မရသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များက စုပေါင်း ထုတ်ပြန်ခဲ့သည်။
ဆက်လက်၍ အဆိုပါအစည်းအဝေးသို့ နိုင်ငံရေးပါတီ ၃၀ ခန့်မှ ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြကာ နိုင်ငံရေးပါတီများသည် တည်ဆဲဥပဒေနှင့် တရားဝင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် ပြည်တွင်းငြိမ်းချမ်းရေးကဲ့သို့သော အရေးကြီးနိုင်ငံရေးကိစ္စရပ်မျိုးတွင် ရွေးကောက်ပွဲ တန်းတူရည်တူ ပါဝင်ဆွေးနွေးခွင့်ရှိရန် လိုအပ်ကြောင်း အစည်းအဝေးသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများက ကန့်ကွက်သူမရှိ တညီ တညွတ်တည်း သဘောတူညီကြောင်းလည်း ထည့်သွင်းထုတ်ပြန်ခဲ့ကာ တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများ၏ သဘောထားကို အကြောင်းပြု၍ အစည်းအဝေး ကမကထပြုလုပ် ကျင်းပသူများက မူလအစီအစဉ်အတိုင်း ကိုယ်စားလှယ်ရွေးချယ်နိုင်ခြင်း မရှိတော့ဘဲ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ၉၀ ကျော်သော နိုင်ငံရေးပါတီအားလုံး မဟုတ်ဘဲ လွှတ်တော်တစ်ခု သို့မဟုတ် တစ်ခုတွင် အနည်းဆုံး ကိုယ်စားလှယ် တစ်ဦးပါဝင်သည့် နိုင်ငံရေးပါတီများကိုသာ ငြိမ်းချမ်းရေးညီလာခံထဲတွင် ကိုယ်စားလှယ်အဖြစ် ထည့်ရန်ဆိုသည်ကို ကိုင်စွဲထားကြောင်း မေ ၂၇ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေး တွင် ပြောကြားခဲ့ရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလူမျိုးစုအလိုက် ကိုယ်စားပြုပါဝင်နိုင်မှုအပေါ် မေးခွန်းထုတ်မှုများ ရှိခဲ့ပြီး တိုင်းရင်းသားကိုယ်စားလှယ် ရွေးကောက်ခံခဲ့ရသည့် နိုင်ငံရေးပါတီများနည်းတူ တရားဝင်ဖွဲ့စည်းထားသည့် တိုင်းရင်းသားပါတီများကိုလည်း တက်ရောက်ခွင့်ပြုသင့်ကြောင်း တိုင်းရင်းသားပါတီများက ထုတ်ဖော်ပြောကြားခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပါတီ၂၂ ခုမှ ကိုယ်စားလှယ်များသာ ရွေးကောက်ခံခဲ့ရခြင်း ဖြစ်ရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ နိုင်ငံရေးပါတီ များအစုအဖွဲ့မှ အဆိုပါ ၂၂ ပါတီမှ ကိုယ်စားလှယ်များသာ တက်ရောက်ခွင့် ရှိနေသည်။
အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင်က “တကယ်လို့ ညီလာခံမှာ ငါးဦးပဲ တက်ခွင့်ရမယ့်အထဲမှာမှ ကျွန်မတို့ ပါသွားမယ်ဆိုရင် ကျွန်မတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ တက်သွားပြီ ထားလိုက်တော့ ကျန်တဲ့ ပါတီတွေကို သူတို့ကျန်ခဲ့ရင် ဝမ်းနည်းစရာပေါ့။ ကျွန်မတို့ကလည်း အဲ့ဒီပုံစံနဲ့ မတက်ချင်ဘူးပေါ့။ အားလုံးပါစေချင်တယ်ပေါ့။ ဒီနေ့ အစည်းအဝေးမှာ ကျွန်မတို့က ဆွေးနွေးတယ်။ အားလုံးကို တက်ခွင့်ပြုပါ။ နောက်ပြီးတော့ တက်ရောက်မယ့်နေရာမှာလည်း ဖိတ်ကြားသင့်တဲ့ ပုဂ္ဂိုလ်ပုံစံမဟုတ်ဘဲနဲ့ နိုင်ငံရေးပါတီပုံစံနဲ့ တက်ခွင့်ပြုပါလို့ ကျွန်မတို့ ဆွေးနွေးတယ်။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးအမြင် ရှိကြတယ်။ မဲနိုင်တာ မနိုင်တာဆိုတာထက် သူတို့တွေက သူတို့ဒေသမှာ သြဇာရှိတဲ့သူတွေ နိုင်ငံရေး၊ အရပ်ရေးသိတဲ့သူတွေ သူတို့ဒေသကို ဦးဆောင်နိုင်တဲ့သူတွေ။ အဲ့ဒီတော့ ဒီလူတွေကို ပစ်ပယ်သွားပြီဆိုလို့ရှိရင် တကယ့် ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် သူတို့ကို ပါစေချင်တယ်။ ကျွန်မတို့က ငြိမ်းချမ်းရေးကို လိုချင်တယ်” ဟု ပြောကြားသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီကလည်း စစ်မှန်သော ပြည်ထောင်စုတစ်ရပ် တည်ထောင်နိုင်ရန်အတွက် အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံတစ်ရပ် ကျင်းပရမည်ဟု ယုံကြည်ထားခဲ့ကြောင်းနှင့် မိမိတို့ မျှော်မှန်းချက်နှင့်အညီ ဖြစ်ပေါ်လာခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို အပြည့်အ၀ ထောက်ခံပါကြောင်း၊ သို့သော် အဆိုပါညီလာခံတွင် တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီအားလုံး ပါဝင်သင့်သည်ဟု ယုံကြည်ခဲ့သော်လည်း ယခုကျင်းပရန် ရည်ရွယ်ထားသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေးပါတီအားလုံးကို တန်းတူရည်တူ တက်ရောက်ခွင့် မပေးသဖြင့် အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း သြဂုတ် ၂၃ ရက်နေ့စွဲဖြင့် ကြေညာချက်သဘောထား ထုတ်ပြန်ခဲ့သည်။
ကယားပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ သုံးခုဖြစ်သည့် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ ကယန်း အမျိုးသားပါတီတို့လည်း သြဂုတ် ၂၀ ရက်က ကိုယ်စားလှယ်ငါးဦး ရွေးချယ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်းနှင့် ကန့်ကွက်ကြောင်း ကိုယ်စားလှယ်ငါးဦး ရွေးချယ်ရေးအစည်းအဝေး မပြုလုပ်မီကပင် စုပေါင်းကြေညာချက် တစ်စောင် ထုတ်ပြန်ထားသည်။
ကရင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက အမှန်တကယ်စည်းရုံးရေးအား မရှိဘဲ အလွယ်တကူ ပါတီထောင်နိုင်ကြသဖြင့် ပါတီများ ဖောင်းပွနေသည့် သဘောမျိုးဖြစ်နေသည်ကို လက်မခံသော်လည်း တစ်ဖက်တွင်ကြည့်ပါက အချို့သော တိုင်းရင်းသားမျိုးနွယ်စုပါတီများ မှာ ရွေးကောက်ပွဲဝင်သော်လည်း လူမျိုး၏ လူဦးရေအရ ပါတီနိုင်ဖို့ ခက်ခဲကြောင်းနှင့် ထိုကဲ့သို့သော တိုင်းရင်းသားမျိုးနွယ်စုပါတီများအတွက်မူ လိုအပ်ချက်အရ ၂၁ ရာစု ပင်လုံသို့ တက်ရောက်နိုင်ခွင့် စဉ်းစားပေးသင့်ကြောင်း ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသုဝေက “အစည်းအဝေးပွဲတစ်ခုမှာ နှစ်ဖက် ပြိုင်တူဆွေးနွေး နားထောင်ရတာမျိုးပေါ့။ အခုအစည်းအဝေးကတော့ နိုင်ငံရေးပါတီတွေ တစ်ဖက်တည်းက သူတို့သဘောထားတွေကို ပြောသလိုပဲ ဖြစ်သွားတာပေါ့။ နိုင်ငံရေးပါတီတွေအနေနဲ့ သူတို့သဘောထားတွေကို ထုတ်ပြောတယ်ဆိုတာ သူတို့အယူအဆနဲ့ သူတို့တော့ မှန်တာပါပဲ။ အစိုးရကလည်း သူ့ပေါ်လစီနဲ့ သူရှိတာပါပဲ။ အစိုးရကလည်း သူ့ပေါ်လစီနဲ့ လျှော့ပေးနိုင်တယ်ဆိုရင် တက်ခွင့်ရမှာပေါ့”ဟု ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို သြဂုတ် ၃၁ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ ညီလာခံတွင် သဘောထားများ ဆွေးတင်ပြနိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပြင်ဆင်လျက် ရှိနေသည်။
၂၁ ရာစုပင်လုံသို့ ရွေးကောက်ပွဲ အနိုင်မရသည့်ပါတီ ၇၀ ကိုယ်စားပြု ကိုယ်စားလှယ်ငါးဦးသာ တက်ရောက်ခွင့်ဆိုသော အစိုးရ၏ သတ်မှတ်ချက်အား လက်မခံကြောင်း ရွေးကောက်ပွဲ အနိုင်မရသည့် တိုင်းရင်းသားပါတီ အများစုပါဝင်သော နိုင်ငံရေးပါတီများ ကြေညာချက်ထုတ်ပြန်















