၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ဒီဇင်ဘာလအထိ) အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု အမှုတွဲ ၈၅၂၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၂၉၃၆ သန်း သိမ်းဆည်း အရေးယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ဒီဇင်ဘာလအထိ) အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု အမှုတွဲ ၈၅၂၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၂၉၃၆ သန်း သိမ်းဆည်း အရေးယူခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 17 August 2016
စိုးမင်းထိုက်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ Mobile Team လုပ်ငန်းရပ်ဆိုင်းခဲ့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ဒီဇင်ဘာလအထိ) တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု အကောက် ခွန်အမှုတွဲ ၈၅၂၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၂၉၃၆ သန်း သိမ်းဆည်း အရေးယူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
သြဂုတ် ၁၇ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးထွန်းထွန်းဦးက တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ (Mobile Team အဖွဲ့) ဖျက်သိမ်းပြီး နောက်ပိုင်းတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှနေ၍ တရားမဝင် သွင်းကုန်များကို ပိုမိုတင်သွင်းလာကြခြင်းနှင့် ပြည်တွင်းမှ အဖိုးတန်ထွက်ကုန်များကို ပိုမိုပို့ဆောင် နေကြခြင်းများအား တားဆီးထိန်းချုပ် အရေးယူနိုင်ရန် စီမံဆောင် ရွက်ထားခြင်း ရှိ မရှိ မေးမြန်းမှုအပေါ် ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက “ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးမထိခိုက်စေဖို့၊ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်အခတွေ နစ်နာဆုံးရှုံးမှု မရှိစေဖို့ ကမ်းရိုးတန်း၊ နယ်စပ်ဒေသတွေမှာ တားဆီးကာကွယ်မှုတွေ လုပ်နေပါတယ်။၂၀၁၂-၂၀၁၃ ဘဏ္ဍာ နှစ်ကနေ Mobile Team လုပ်ငန်း ရပ်ဆိုင်းခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ အထိ)တရားမဝင် အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးရမိမှု အကောက်ခွန် အမှုတွဲပေါင်း ၈၅၂၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၅၂၉၃၆ သန်း သိမ်းဆည်း အရေးယူခဲ့ပါတယ်။ စားသုံးရန် မသင့်တဲ့ ကုန်ပစ္စည်း ၉၃၇ မှု၊ ခန့်မှန်းတန်ဖိုး ကျပ်သန်း ၂၅၃၀ ကိုလည်း ဖျက်ဆီးနိုင်ခဲ့ပါ တယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၈ ဒသမ ၁၇ ဘီလျံရှိ ခဲ့ပြီး၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင် ဒေါ်လာ ၂၉ ဒသမ ၁၅ ဘီလျံရှိသည့် အတွက် ကုန်သွယ်မှုနှစ်ဆနီးပါး တိုးတက် လာကြောင်း သိရသည်။
“တရားမဝင် ကုန်သွယ်မှုဖြစ်ပေါ်နေရခြင်းမှာ ကုန်သွယ်ရေးစခန်းတွေကို ရှောင်ကွင်းကာ တရားဝင် တင်သွင်းခွင့်မပြုတဲ့ ကန့်သတ်ကုန်တွေကို တင်နေတာတွေရယ်၊ နိုင်ငံတော်ကို ပေးသွင်းရမယ့် ကျသင့်အခွန်တွေ မပေးဆောင်လိုဘဲ အခွန်တိမ်းရှောင်လိုခြင်း တွေကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်တွေကို ရှောင်လိုတာတွေ၊ မသမာတဲ့ကုန်သည်နဲ့ အကျင့်ပျက်ဝန်ထမ်း တွေကြောင့် မှောင်ခိုဖြစ်ရခြင်းတွေ ရှိပါ တယ်။ အချို့ဒေသတွေမှာဆိုရင် နယ်မြေ အေးချမ်းမှုမရှိခြင်းတို့ကြောင့် တရားမဝင် ကုန်သွယ်မှုတွေဖြစ်တာပါ” ဟု ဒေါက်တာသန်းမြင့်က ပြောကြားသည်။
တရားမဝင် ကုန်သွယ်မှုများအား တားဆီးနိုင်ရေးအတွက် ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်း ဒေသကြီးများတွင် စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ကာ တားဆီးကာကွယ်ရေးများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာသန်းမြင့်က ပြောကြားသည်။