၂၁ ရာစု ပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကော်မတီတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်ရန် မူအားဖြင့် သဘောတူထားပြီး သြဂုတ် ၁၅ ရက်တွင် အတည်ပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။သြဂုတ် ၁၃ ရက်က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတွင် ပြုလုပ်သော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး အပြီးတွင် ဆွေးနွေးမှုများနှင့် ပတ်သက်၍ ဒေါက်တာဆလိုင်းလျန်မှုန်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“၂၁ ရာစု ပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပနိုင်ဖို့အတွက် ကျင်းပရေး ကော်မတီကို ပြင်ဆင်ဖွဲ့စည်းဖို့ ကျွန်တော်တို့ သဘောတူထားတယ်။ အဲဒီမှာလည်း NCA လက်မှတ် ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေလည်း ပူးပေါင်းပါဝင်နိုင်ဖို့ကို ကျွန်တော်တို့ မူအားဖြင့် သဘောတူထားတယ်။ ဒါကို နိုင်ငံတော်ဘက်က ခေါင်းဆောင်တွေက သက်ဆိုင်ရာ တင်ပြပြီးတော့ ၁၅ ရက်နေ့မှာ အတည်ပြုသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မူအားဖြင့် သဘောတူထားပြီးသား ဖြစ်တဲ့အတွက် ဒါကတော့ ပြေလည်မယ်လို့ မျှော်လင့်တယ်။ ဒါကြောင့် ကျွန်တော်တို့ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံက အောင်မြင်ဖို့ အလားအလာ ရှိတယ်လို့ ကျွန်တော် မြင်တယ်။ လက်မှတ်ထိုးတဲ့ အဖွဲ့၊ လက်မှတ် မထိုးတဲ့ အဖွဲ့၊ နိုင်ငံရေး ပါတီ၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော် အားလုံး ပါဝင်ပြီးတော့ ဆွေးနွေးရမယ့်ပွဲ ဖြစ်တဲ့အတွက် ကျေနပ်အားရမှု ရှိတယ်။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုလည်း ဒီညီလာခံ ကျင်းပနိုင်ဖို့အတွက် လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။ ဒါပေမဲ့ လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ကိုလည်း ညီလာခံ အပြီးမှာ လိုအပ်ရင် လိုအပ်သလို ဆက်လက်ဆွေးနွေးဖို့လည်း ကျွန်တော်တို့ သဘောတူထားပါတယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆိုသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားခြင်း မရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် ညီလာခံတွင် ထဲထဲဝင်ဝင် ပါဝင်ရန် ဆန္ဒရှိကြောင်း၊ အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။“ဥပမာ ပူးတွဲကျင်းပရေး ကော်မတီလိုမျိုး ဖွဲ့စည်းမလားပေါ့။ ဒါဟာ ကျွန်တော်တို့ဘက်က တင်ပြမှုပါ။ အဲဒီလိုမျိုး ကျွန်တော်တို့ ပူးတွဲကျင်းပရေး ကော်မတီလိုမျိုး ဖွဲ့ဖြစ်မယ်ဆိုရင် ကျွန်တော်တို့လည်း ပါနိုင်မလားပေါ့။ ဒါကတော့ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ အနေအထားမျိုးကို ကျွန်တော်တို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဒီလို ကော်မတီထဲမှာ ပါဝင်ခွင့်ရတယ် ဆိုရင်တော့ ကျင်းပမယ့် ညီလာခံဟာ ရလဒ်ကောင်းဖြစ်မယ်။ အားလုံး သာတူညီမျှ ပါခွင့်ရမယ်။ ပြောခွင့်ရမယ်။ ဆွေးနွေးခွင့်ရမယ်ဆိုတဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်” ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် KNPP မှ ခူဦးရယ်က ပြောကြားသည်။
၂၁ ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကော်မတီ၌ NCA လက်မှတ် မထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါဝင်နိုင်ရေး သြဂုတ် ၁၅ ရက်တွင် အတည်ပြုမည်