နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် ‘ဝ’ အဖွဲ့အား ဖိတ်ကြား

နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် ‘ဝ’ အဖွဲ့အား ဖိတ်ကြား
Published 30 July 2016
နေရိုင်း၊ ဇေယျာထွန်း

သြဂုတ်လဆန်းတွင် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် ‘ဝ’ အဖွဲ့အား ငြိမ်းချမ်းရေး ကော်မရှင်က ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။ဇူလိုင် ၃၀ ရက်က နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်တွင် ‘ဝ’ အဖွဲ့နှင့် ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံရာတွင် ‘ဝ’ အဖွဲ့အား သြဂုတ်လဆန်းတွင် ပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင် သုံးသပ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ငြိမ်းချမ်းရေး ကော်မရှင်က နိုင်ငံရေး ဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေး အစည်းအဝေးသို့ ‘ဝ’ အဖွဲ့အား ဖိတ်ကြားရာတွင် ၎င်းတို့ မရှင်းလင်းသည့် ကိစ္စရပ်များအား မေးမြန်းခဲ့မှုအပေါ် ငြိမ်းချမ်းရေးကော်မရှင် အနေဖြင့် ပြန်လည် ဖြေကြားခဲ့ကြောင်း၊ ‘ဝ’ အနေဖြင့် လက်ရှိ အစိုးရသစ်နှင့် တပ်မတော်တို့နှင့် ငြိမ်းချမ်းရေးအတွက် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြားသည်။ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက “သူတို့ကို ဒီအထဲမှာ ပါဝင်လာခြင်းအားဖြင့် တို့လည်း ပိုင်ဆိုင်တယ် တို့လည်း အတူတကွ ဆောင်ရွက်ခဲ့တယ်ဆိုတဲ့ ခံစားမှုမျိုး ရနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ဒါကိုလည်း သူတို့ကို ရှင်းပြပါတယ်။ သူတို့ ပြန်ရောက်တဲ့ အခါမှာ သူတို့ လူကြီးတွေကို တင်ပြပြီးတော့မှ ဒီမူဘောင် ဆွေးနွေးပွဲမှာလည်း ပါဝင်နိုင်ဖု့ိ သူတို့ ကြိုးစားသွားပါမယ်လို့ ဖြေကြားသွားပါတယ်။ သူတို့ ပြန်ပြီး ဆုံးဖြတ်ပြီးမှ ပြန်အကြောင်းကြားပါမယ်” ဟု ပြောကြားသည်။ဆက်လက်၍ “နိုင်ငံတော် ငြိမ်းချမ်းရေးကိုလည်း မျှော်လင့်ချက် ကြီးစွာနဲ့ သူတို့ ထားရှိပါတယ်။ လေးလေးနက်နက်လည်း ထားပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရ အခက်အခဲတွေလည်း အများကြီး ရှိနိုင်ပါတယ်။ ဒီအခက်အခဲတွေကို အခုလိုပဲ မကြာခဏ တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းနဲ့ သွားမယ်ဆိုရင် အခက်အခဲတွေဟာ ပြေလည်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ တည်ဆောက်သွားနိုင်ဖို့ ယုံကြည်ပါတယ်လို့ ပြောပါတယ်” ဟု ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးက ပြောကြားသည်။ယခင် အစိုးရ လက်ထက်က ရေးဆွဲခဲ့သည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်တွင် မူဘောင်ပြင်ဆင်ခွင့် ရှိ၍ ပြောင်းလဲလာသည့် အခြေအနေအပေါ် မူတည်၍ နိုင်ငံရေး ဆွေးနွေးမှု မူဘောင်အား ပြန်လည် သုံးသပ်ပြီး ပြင်ဆင်ကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။‘ဝ’ အဖွဲ့နှင့် မိုင်းလား အဖွဲ့တို့က နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား စာပေးပို့ခဲ့ကြောင်း သိရသည်။“သူတို့က စာကိုတော့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပေးလိုက်တာ ရှိတယ်။ ဘာရေးထားတယ် ဆိုတာတော့ မသိဘူး။ အဲဒီ ဆွေးနွေးပွဲမှာ ပေးလိုက်တယ်။ ကျွန်တော်တို့ မြင်တာတော့ ‘ဝ’ တစ်ခုတည်း ပေးတာ မြင်တယ်” ဟု ဦးခင်ဇော်ဦးက ပြောကြားသည်။

Most Read

Most Recent